မသိခြင်း ရဲ့ ဆိုးကျိုး

ဆယ်တန်းအောင်တာတွေ အရေးမကြီးဘူး၊ ဘွဲ့ရတာတွေ အရေးမကြီးဘူး ဘဝမှာ စီးပွါး ဖြစ်ဖို့ က အရေးကြီးတယ် ဆိုပြီး Like တွေ၊ Share တွေ အများကြီးရတဲ့ ပို့စ်တစ်ခုတင်ထားတာ တွေ့တော့ လူငယ်တွေ တလွဲ အထင်ရောက်မှာ စိုးမိတယ်။

ဆယ်တန်းမအောင်၊ ဘွဲ့မရလည်း အထိုက်အလျောက် စီးပွားရေးဖြစ်တာကို တော့ လက်ခံပါတယ်။ ဒါပေမယ့် အတိုင်းတာ တစ်ခုထိပဲ ဖြစ်နိုင်သလို ကိုယ့်ဝန်းကျင်၊ ကိုယ့် အဝန်းအဝိုင်းလေး တစ်ခုတည်းမှာပဲ အိမ်ကျယ် လုပ်နိုင်တာ ပါ။

ကမ္ဘာကြီးဟာ အသိဉာဏ်တွေနဲ့ ၂၁ ရာစုကို ရွေ့နေတယ်။ နည်းပညာတွေက ကမ္ဘာကို ကျဉ်းမြောင်းသွားသလို၊ အရှေ့အနောက်ဖောက်မြင်လာရတယ်။ အသိဉာဏ်ဈေးကွက် က အသိဉာဏ်မဲ့တဲ့ နေရာတွေကို အစားထိုးလာတယ်။ လန်ဒန်က ပစ္စည်းကို မှာမလား၊နယူးယောက်က နာရီလက်ဆောင် ဝယ်ပေးချင်သလား အွန်လိုင်းရှောပင်းတွေ က ဝန်ဆောင်မှုလုပ်လာနေကြတယ်။

အာမေဇွံ(Amazon) ၊ အလီဘာဘာ စတဲ့ အွန်လိုင်းစူပါမားကက် ကြီးတွေက ဘယ်နေရာ ဘယ်ဒေသ မဆို အရည်အသွေးမီတဲ့ ပစ္စည်းတွေကို အိမ်အရောက်ပို့ဆောင်နိုင်ဖို့ အလုအယက် ကြိုးစားနေကြတယ်။

ပညာဆက်မသင်ရင် သို့မဟုတ် ပညာတစ်ဝက်တစ်ပျက်နဲ့ စီးပါွးရေးဆက်သွားမယ်ဆိုရင် ကြီးကျယ်ခမ်းနား တဲ့ ဘဝတွေပိုင်ဆိုင်ဖို့ခဲယဉ်းပါတယ်။

ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး ကွန်ပျူတာပညာရှင် ဘီလ်ဂိတ်က ဟားဗတ်တက္ကသိုလ် ပထမနှစ်ကနေ ကျောင်းထွက်ခဲ့တယ်ဆိုပေမယ့် သူသိချင်တဲ့ ဘာသာရပ်တွေ၊ သင်တန်းတွေ ဆက်လေ့လာခဲ့တယ်။ကျောင်းသားတစ်ယောက်လို အဆက်မပြတ်လေ့လာရတာကို သဘောကျတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်။

နောက်တစ်ခုသူပြောသွားတာ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုရှိတယ်။ ငှက်ဖျားကြောင့်၊ နမိုးနီးယာကြောင့် နဲ့တခြား ထူးဆန်းတဲ့ ရောဂါတွေကြာင့် ကမ္ဘာပေါ်မှာကလေးငယ်သန်းပေါင်းများစွာ နှစ်တိုင်း သေဆုံး နေကြတာ ကိုကြည့်ရင် ဆင်းရဲမွဲတေမှု နဲ့ ပညာရေး နိမ့်ပါးမှု ပြဿနာ က အဓိကပဲတဲ့။  အဲဒီအထဲမှာ အမေရိကန်လို နိုင်ငံတွေ မပါဘူး။

ပညာသင်တယ်ဆိုတာ ကိုယ်ချမ်းသာဖို့တစ်ခုတည်းမဟုတ်ဘူးဆိုတာ ဘီလ်ဂိတ်က ထောက်ပြသွားတယ်။ အသိဉာဏ်မဲ့စီးပွါးရေး ရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေး ပြဿနာတွေ ကပ်လိုက်နေတယ်။ ကိုယ်ချမ်းသာဖို့ စီးပါွးဖြစ်ဖို့ပဲ ကြည့်တဲ့ အသိဉာဏ်မဲ့ တဲ့ ကုန်ပစ္စည်းတွေ၊ အစား အသောက်တွေ ဒီနေ့ မြန်မာပြည်မှာ မနည်းဘူး။


မသိခြင်း ရဲ့ ဆိုးကျိုးတွေနဲ့ မြန်မာမျိုးဆက် ကလေး လူငယ်တွေ နေ့စဉ် နေတိုင်း အစာအဆိပ် တွေ စားနေရသလို၊ အသိဉာဏ်မဲ့ တွေးခေါ်မှု အဆိပ်တွေကလည်း လူငယ်တွေရဲ့ ဦးနှောက်နုနု စိတ်နုနုလေးကို နေ့စဉ် အဆိပ်ခပ်ခံနေရတယ်။

အသိဉာဏ်ပညာက သာ ဆင်ခြင်တုံတရားနဲ့ ဆောင်ရန်၊ ရှောင်ရန်ကို သိနိုင်သလို၊ လူမှုရေး၊ စီးပါွးရေး၊ ကျန်းမာရေးတွေမှာလည်း သူတပါး မထိခိုက်နိုင်တဲ့ ယဉ်ကျေးမှု တစ်ခု တည်ဆောက်နိုင်ကြမှာပါ။

လူငယ်တွေ ခေတ်မီတောင့်တင်းတဲ့ နိုင်ငံကို တည်ဆောက်နိုင်တဲ့ ပညာတွေ ထူးချွန်စွာ သင်ယူနိုင်ကြပါစေ။


Soe Naing

Post a Comment

Previous Post Next Post