ညောင်သီးလည်းစား ၊ လေးသံလည်း နားထောင်ရဦးမယ်


နိုင်ငံရေးဟာ ထင်သလောက်တော့ ရိုးရှင်းမနေတာ သေချာတယ်။ အစိုးရဘက်က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ပြန်စနိုင်ဖို့ ဖြစ်နိုင်စွမ်းရှိတဲ့ အချက်တွေကို သုတေသနလုပ်ဖို့ လျှပ်စစ်ဒုဝန်ကြီးကို အဖွဲ့ခေါင်းဆောင်ဆိုပြီး စုဖွဲ့လိုက်ပြီး မကြာခင်မှာပဲ  KIA က ဝိုင်းမော်နားအထိ ရောက်လာတယ်။ အွန်လိုင်းပေါ်မှာ မြင်တွေ့နေရတဲ့ အောင်မြေ(၁/၂)ဆိုတာ မြစ်ကြီးနားနဲ့ ဘာဝေးတော့လို့လဲ။ မြစ်ဆုံ-တန်ဖဲ ဆိုတာကလည်း ဒီနားလေးပဲ ဆိုတော့ တစ်ခုခုတော့ စပ်ဆက်နိုင်လေသလားလို့လည်း တွေးမိပြန်တယ်။ တကယ်တော့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း နဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ရေးကော်မရှင်ကို ခုမှ ဖွဲ့စည်းခဲ့တာမျိုးတော့ မဟုတ်ဘူး။  NLD  အာဏာရတဲ့၂၀၁၆ ခုနှစ် ဩဂုတ်လမှာလည်း ဖွဲ့စည်း လေ့လာစေခဲ့သေးတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကဏ္ဍကြီး (၇)ခုကို လေ့လာသုံးသပ်စေခဲ့ပေမယ့်လည်း  “ကျွန်မသာ အာဏာရရင် မြစ်ဆုံ စာချုပ် ချပြမယ်” ဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အပြီးသပ် အစီရင်ခံစာထွက်လာချိန်မှာတော့ ပြည်သူတွေဆီ ထုတ်ပြန်ပေးခဲ့တာမျိုး မရှိခဲ့ တာ တွေ့ရတယ်။
---
ပြီးတော့…မြစ်ဆုံဆည်ရဲ့ ပရောဆက်က  အကွေ့အဝိုက်များလွန်းတယ်။ ပင်မဆည်ကြီးရဲ့ အပေါ်မှာတောင် အသေးစားဆည်လေးတွေ  ၃ ခုလောက်ခံနေသေးတယ်လို့ ဆိုတယ်။ တိတိကျကျဆိုရင် မြစ်ဆုံစီမံကိန်းက ၆၀၀၀ မဂ္ဂါဝပ်၊ မလိယန်စီမံကိန်းက ၂၈၀၀ မဂ္ဂါဝပ်၊ ချီဖွေက ၃၄၀၀၊ အူဆောက်စီမံကိန်းက ၂၅၀၀၊ ဖီဆော်စီမံကိန်းက ၂၄၀၀၊ ခေါင်လန်ဖူးက ၃၀၀၀နဲ့ ရီနန်စီမံကိန်းက ၁၄၀၀ မဂ္ဂါဝပ်ထိ ထွက်နိုင်တယ်လို့ အကြမ်းဖျင်းဖော်ပြထားတာ တွေ့ရတယ်။ ပင်မဆည်ကြီး မဆောက်ဖြစ်ရင်တောင် ဒီဆည်လေးတွေကို အကောင် အထည်ဖော်ချင်တာလား ဆိုတာကလည်း ဝိဝါဒ မကွဲပြားဘူး။ အပေါ်က ဦးဆောင် ကော်မတီအဖွဲ့ကတော့ အသေးစိတ် အစီရင်ခံလိမ့်မယ်ထင်ပါတယ်။ ပြီးတော့ မြစ်ကော နိုင်တယ်ဆိုတဲ့အချက် လည်း ထည့်တွက်ရမယ်။ နောက်တစ်ချက်က  KIA လုပ်နေတဲ့ စစ်ရေးဧရိယာကိုလည်း ထည့်တွက်ရမယ်။ လက်ရှိ လိုင်ဇာသွားတဲ့ ဒေါ့ဖုန်းယန် လမ်းကိုလည်း KIA က အသာစီးရ သွားပြီ။ လွယ်ဂျယ်-မိုးမောက်လမ်းကိုလည်း ထိန်းချုပ် ထားတယ်။ ဒီအခြေအနေက ဗန်းမော်အတွက် စိုးရိမ်ရေမှတ်ပဲ။ ပိုဆိုးတာက မြစ်ကြီးနားနဲ့ ဧရာဝတီမြစ်ပဲ ခြားတဲ့ ဝိုင်းမော်မှာတောင် စစ်ရေးက ပြင်းထန်နေတယ်။ ပြီးတော့ ဧရာဝတီကို မေးတင်ထားတဲ့ ဆင်ဘို။ ဒီနေရာတွေ အားလုံးသာ လက်လွှတ်ရရင် အရှေ့တခြမ်းလုံးကို လက်လွှတ်လိုက် ရတော့မယ့် အခြေအနေကြီး။
---
လျှပ်စစ်ဟာ ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ကျတယ်ဆိုပေမယ့် တည်ငြိမ် အေးချမ်းမှု မရှိတဲ့ အခြေအနေမှာ အကောင်အထည်ဖော်ရတာကတော့ အတော်လေး စွန့်စားရာကျ မယ်ထင်ပါတယ်။ ခုလိုအချိန်မှာတောင် တာဝါတိုင်တွေကို ရာနဲ့ချီပြီး မိုင်းခွဲခံရချိန်မှာ ဒီလုပ်ငန်းကို စိတ်ဖြောင့်ဖြောင့် လုပ်နိုင်ဖို့ လွယ်ကူနိုင်ပါ့ မလားဆို တာလည်း တွက်ချက်ရဦးမယ်။ ဒါပေမယ့် စက်သုံးဆီကို ဒေါ်လာနဲ့ ဝယ်နေရတဲ့ အခြေ အနေ၊ အစိုးရသွားချင်တဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီမံကိန်းတွေကလည်း မီးမှမရရင် ဘာမှလုပ်လို့မရတဲ့ အခြေအနေဆိုတော့… ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်တဲ့ ရေအားအပေါ်မှာ အဓိက အားပြုဖို့ ကြိုးစားတာကို နားလည်ပေးရမယ်ထင်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင် ပဋိပက္ခတွေ မရှိတော့ဘဲ နှစ်ဖက်အဖွဲ့တွေ ကြားက စီးပွားရေး အရ  အချိုးချ သဘောတူညီမှု ရတာမျိုးဆိုရင်တော့ တစ်မျိုးပေါ့။ ဒါတောင် တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ “မ”တည်တာဖြစ်လို့ ကနဦး သိရတဲ့ အချက်အလက်တွေမှာတောင် ရှယ်ယာပိုင်ဆိုင်မှုမှာ တရုတ်က ၈၀၊ မြန်မာက ၁၅ နဲ့ ကြားကုမ္ပဏီက ၅ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ခွဲဝေမှုမှာ မြန်မာက ၁၀ ရာခိုင်နှုန်းရပြီး တရုတ်က ၉၀ ရာခိုင်နှုန်းရမယ်လို့ သိရတယ်။ ဆိုတော့ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံအတွက် ဘယ်လောက် အကျိုးဖြစ်နိုင် စေသလဲဆိုတာ သေသေချာချာ သုတေသနပြုဖို့ပဲ လိုအပ်ဦးမယ်ထင်ပါတယ်။ မဟုတ်ရင် ဒီသုတေသ နပြုတဲ့ သူတွေဟာ သမိုင်းတရားခံဖြစ်ဖို့ ရာခိုင်နှုန်းများသွားမှာပဲ။
---
တစ်ခုရှိတာကတော့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ လာအိုရဲ့ အဓိက ထုတ်ကုန်ဟာ လျှပ်စစ်က လာတယ်ဆိုတဲ့အချက်ကိုလည်း ထည့်တွက်ရမယ်။လက်ရှိ လာအိုမှာ လျှပ်စစ်စီမံကိန်းပေးနိုင်တဲ့ ဆည်ပေါင်း ၇၈ ခုလောက်ကနေ တရုတ်၊ ထိုင်း၊ ဗီယမ်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေဆီ လျှပ်စစ်ရောင်းစားနေတယ်။ လာအိုနိုင်ငံအနေနဲ့ အချိန်တို အတွင်း တိုးတက်မှု မြန်လာတာဟာ လျှပ်စစ်ရလို့ ဆိုတဲ့အချက်ကိုလည်း မေ့မထားသင့် ဘူး။ မဲခေါင် (၅)နိုင်ငံထဲမှာ တရုတ် “မ”တည်ထားတဲ့ ငွေကို အများဆုံးချေးယူထုတ်ပြီး အဝေးပြေးလမ်းနဲ့ ရထားလမ်းတွေကို ခေတ်မီအောင် တည်ဆောက်ထားနိုင်သလို မဲခေါင်မြစ်ပေါ်မှာလည်း  ရှရာဘူရီဆည်( Xayaburi Dam) ၊  ဒွန်စဟောင်းဆည်(Don Sahong Dam) နဲ့ နမ့်သောင်ရေလှောင်တမံ (Nam Theun 2 Dam)တွေကို တည်ဆောက် ထားနိုင်တာ တွေ့ရတယ်။
----

ဆိုတော့…နစက လုပ်လာမယ့်  ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ကော်မတီရဲ့ အစီရင်ခံစာဟာ မြစ်ဆုံ ပြန်လုပ်-မလုပ်ခြင်းအတွက် အဓိက ကျတဲ့ အဖြေ တစ်ခု ဖြစ်လာမှာတော့ သေချာတယ်။ ဒါပေမယ့် KIA ရဲ့ စွက်ဖက်မှုကလည်း ဘယ်အတိုင်း အတာအထိ ရှိနေမှာလဲ ဆိုတာကလည်း မေးခွန်းထုတ်ရမယ်။ ကုလားတန်ကို ထိန်းချုပ်နိုင်ဖို့ AA ကို ပလက်ဝကို ဖိတိုက်ခိုင်းသလို မြစ်ဆုံကိုလည်း အစိုးရ တစ်ခုတည်း သဘောတူညီချက်ရယူရုံမဟုတ်ဘဲ  KIA ကိုပါ ဆွဲခေါ်ချင်လို့ လက်ရှိ ဝိုင်းမော် မှာ တိုက်ပွဲတွေဖြစ်နေရတယ်ဆိုတဲ့ ယူဆချက်သာ မှန်ခဲ့ရင်….နောက်ဆက်တွဲ အနေနဲ့ ဘာဆက်ဖြစ်လာ နိုင်သေးသလဲဆိုတာလည်း ကြိုတင်မျှော်လင့်ထားဖို့ လိုအပ်တယ်။ လျှပ်စစ်မီးလိုချင်ရုံနဲ့ ညောင်သီးပဲ စားချင်နေလို့ မရပြန်ဘူး။ လေးသံလည်း နားစွင့်ဖို့ လိုဦးမယ်။

(နရီမိုး)

Post a Comment

Previous Post Next Post