"ကျင်ဒွေးက ပေးလာတဲ့ အောင်စိတ်"



ကိုယ်တွေ စာရေးသူဆိုတာ မြေပြင်ကွန်မန်ဒါလည်း မဟုတ်သလို မူဝါဒချမှတ်ပေးရတဲ့ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူလည်း မဟုတ်ပါဘူး။ မြင်သမျှ ကြားသမျှ သိရုံလောက်နဲ့လည်း ရေးလို့မရပါဘူး။ စစ်ဆင်ရေးနဲ့ ပတ်သက်ရင် အောက်ခြေတပ်သားတွေ  Motivated ဖြစ်ရုံလောက်ကလွဲရင် ဘယ်သူဘာလုပ်ပါဆိုတာမျိုး ပြောခွင့်လည်း မရှိပါဘူး။ အားတက်စေချင်ရုံလောက်နဲ့ တပ်တည်တပ်လှုပ်တွေလည်း မရေးရပါဘူး။ ဒါက ဘယ်သူမှ မပြောလည်း လိုက်နာရမယ့် ကျင့်ဝတ်ဖြစ်ပါတယ်။
-----

ပထမဆုံး အနေနဲ့   မနေ့က ကျင်ဒွေးအကြောင်းရေးတင်တာက  အာရုံစိုက်စေချင်လို့ ရေးရတာဖြစ်ပါတယ်။ ဒီတင်ပြမှုမှာ ကျင်ဒွေးဟာ တသက်လုံး မကျတော့မယ့် စခန်းတခုဆိုပြီး အမွှန်းတင်ခဲ့တာ မရှိပါဘူး။ ချင်းပြည်ဟာ ပင်မ လမ်းတစ်ခုတည်း ရှိတာမို့ စစ်ကူ ပစ်ကူ အင်မတန်ခက်ပါတယ်။ ချင်းလူမျိုးတွေသာ အဓိက နေထိုင်တာမို့ စစ်သတင်းလုံခြုံရေးလည်း မကြာခဏ သတင်းပေါက်လေ့ရှိပါတယ်။ ဒီလို လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ဒေသမှာ ကျင်ဒွေးမြို့ဟာ CDF လက်အောက်မကျဖို့ ၄ လ ‌ကျော် အထိ တောင့်ခံခဲ့တာ တွေ့ရမှာပါ။
-----


ဒီကနေ့ သူတို့ သိမ်းပိုက်ရရှိပါတယ်ဆိုတဲ့ သတင်းမှာ တွေ့ရတဲ့ လက်နက်ခဲယမ်းဟာ ကိုယ်တွေဘက်က ဆုံးရှုံးခဲ့သမျှ အကုန်ပါပဲ။ ကျဆုံးနဲ့ ဖမ်းဆီးခံရမှုတွေရှိတယ်ဆိုပေမယ့် ဒီလောက် မာ ခဲ့တာကို ဂုဏ်ယူမိတာပါ။ ဆိုတော့ ၄ လ ကျော်တိုက်လာတဲ့ မြို့သိမ်းတိုက်ပွဲဟာ ဒီလောက်ပဲ သိမ်းပိုက်ရမိတယ်ဆိုရင် တန်လား၊ မတန်လား တွေးကြည့်ကြပေါ့။ တကယ်တမ်း စစ်ပွဲစဖြစ်ကတည်းက မြို့နေလူထုလည်း မရှိတော့ပါဘူး။ တပ်ထောက်ခံသူအချို့နဲ့ ခံစစ်ပြင်နေခဲ့တဲ့ တပ်မတော်သားတွေက ဒီကာလရှည်ကြီးကို ဖြတ်သန်းခဲ့ကြတာပါ။ AA ဘက်က စစ်ကူလာကတည်းက ခက်ခဲမယ်ဆိုတာလည်း ကြိုတွေးပြီးသား ဖြစ်ပါတယ်။
-----
ကျင်‌ဒွေးနဲ့ပတ်သက်ပြီး တွေးမိတာတစ်ခုက ကိုယ်တွေ တပ်မတော်မှာ ဒီ‌လိုမာတဲ့ တပ်တွေ၊ စိတ်ဓာတ်ပြင်းထန်တဲ့ တပ်မှူးငယ်တွေလည်း ရှိပါ့လားဆိုတဲ့ အတွေးတစ်ခုပါပဲ။ ကျင်ဒွေးကို ရန်သူသိမ်းလိုက်နိုင်ပေမယ့် စစ်ကူများမှ ရသွားတယ်ဆိုတဲ့ Image အရတော့ ဇိုးမီး၊ ယော PDF၊ မတူပီနဲ့ ကန်ပက်လက် အဖွဲ့တွေရဲ့ စစ်ရေးစွမ်းရည်ထက် ကိုယ်တွေစစ်သည်တွေရဲ့ စိတ်ဓာတ်ကတောင် သာလွန်ခဲ့တယ်လို့ တွေးရမှာပါ။ သေချာတာကတော့ မြို့ကျသွားပေမယ့်  လပေါင်းများစွာ ဒေသခံနဲ့ ခံစစ်ပြင်ခဲ့တဲ့ တပ်တွေကိုတော့ ချီးကျူးရမှာပါ။ သူတို့ နောက်ဆုံးအချိန်အထိ ကာကွယ်ခဲ့ကြတယ်မဟုတ်လား။


(နရီမိုး)

Post a Comment

Previous Post Next Post