❝ ထွန်းမြတ်နိုင်စိတ်ကူးယဉ်မှုနဲ့အတူ ပျက်စီးဆုံးရှုံးမှုတွေများသွားတဲ့ ရခိုင်ပြည်နယ်❞

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေက   ၁၆၆,၀၀၀ အထိ ရှိနေပြီဆိုပြီး UNOCHA က အသိပေးထုတ်ပြန်လာတဲ့ သတင်းဖတ်လိုက်ရတယ်။ စစ်ပွဲဖြစ်ခဲ့တဲ့ နေရာတွေအလိုက် သုံးသပ်ရရင်တော့…ရခိုင်မှာဆိုရင် မြောက်ပိုင်း တကြောလုံး နဲ့ ချင်းမှာဆိုရင်တော့ ပလက်ဝ မြို့နယ်တွေက ထိခိုက်မှု အများဆုံး ဖြစ်လိမ့် မယ်။ ဒီကြားထဲ  ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲလေ့ကွဲထရှိတဲ့ ချင်းမှာ…MDF မာရာတပ်နဲ့ CNF/CDF တို့ လူမျိုးတူ အချင်းချင်းကလည်း တိုက်ပွဲဖြစ်ပြီး စမာန်ခုတ်ကြတာမျိုးလည်း ရှိသေးတယ်။
----
တကယ်တော့ ရခိုင်ပြည်နယ်မှာ ဒီလိုအခြေအနေမျိုး ဖြစ်လာအောင် စတင်ခဲ့တဲ့သူက  ရခိုင်တို့ရဲ့ မျိုးချစ်စိတ်ကို ခုတုံးလုပ်ပြီး ကိုယ်ပိုင်အာဏာ တည်ဆောက်ချင်တဲ့ ထွန်းမြတ်နိုင်ရဲ့ အာရကန်အိမ်မက် ၂၀၂၀ ကပဲ အစပြုခဲ့တာလို့ပဲ ဆိုရမယ်။ ရှမ်းမြောက် စစ်ဆင်ရေးမှာ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ စစ်ရေးအရ အသာရခဲ့တာမျိုးရှိခဲ့သလို စီးပွားရေးအရလည်း  တရုတ်မျက်နှာသာပေးလိုက်တာနဲ့ ဗဟိုအစိုးရနဲ့ အပြိုင် ကျောက်ဖြူ -မူဆယ်ကနေ ကုန်စည်စီးဆင်းမယ့် ပြည်ထောင်စု လမ်းပိုင်းတစ်လျှောက်လုံးကို အာဏာ နဲ့ ဘဏ္ဍ Share လုပ်ခွင့်ရမယ့် အခွင့်အရေးအပေါ် မိုခါ မုန်တိုင်းလောလောလတ်လတ် တိုက်ခိုက်တာကိုတောင် လစ်လျူရှုပြီး လောဘ တက်ခဲ့ပုံက လူမြင်လို့တောင် မကောင်း ဘူး။
---
တကယ်ဆိုရင် မိုခါမုန်တိုင်းရဲ့ ပြင်းထန်မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်တုန်းက ကြုံခဲ့ဖူးတဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်းထက်တောင် ပိုပြီး ပြင်းထန်ခဲ့တာမျိုးရှိခဲ့တယ်။ ရခိုင်ပြည်နယ်ရဲ့ တစ်ချို့မြို့နယ်တွေ ( ၆ မြို့နယ်)မှာ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်း အထက်ထိ ပျက်ဆီး ဆုံးရှုံးမှုတွေရှိခဲ့တယ်။ ဆာဆာကာဝါကြောင့် ယာယီအပစ်အခတ် ရပ်စဲထားသလို မိုခါကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာပဲ ဒီလို စစ်ပွဲဖော်ဆောင်တာမျိုးက လူစိတ်မရှိဘူးလို့ပဲ ဆိုရမယ်။ ရခိုင်မှာ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန်ပြီးမြောက်ခဲ့တယ်ဆိုတာကလည်း တပ်မတော် ဦးဆောင်နေတဲ့ အစိုးရလက်ထက်မှာ တပ်မတော် ရေယာဉ်တွေကို အချိန်အကန့် အသတ်မရှိဘဲ အသုံးပြုခွင့်ရခဲ့တာ အဓိက ကျခဲ့တယ်။
----
BBC နဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်မှာ ထွန်းမြတ်နိုင်ပြောသွားတာကို နားထောင်ရတာ အတော်လေး စိတ်မသက်မသာဖြစ်ရတယ်။ ကြည်း/ရေ/လေ အစုံရှိတဲ့ တပ်မတော်နဲ့ စစ်ဖြစ်ရင် ဖြစ်တဲ့ ဒေသဟာ စစ်ကြောင့် အထိနာနိုင်တာ၊ မြို့ရွာတွေလည်း ထိခိုက်နိုင် တယ် ဆိုတာ ထွန်းမြတ်နိုင် အနေနဲ့ မသိစရာ အကြောင်းလည်းမရှိဘူး။ ရခိုင်ပြည်နယ် လွတ်မြောက်ဖို့ ဆိုရအောင်လည်း ရွေးကောက်ပွဲ အဆက်ဆက်တိုင်းမှာ ရခိုင်ပါတီတွေပဲ ရာနှုန်းပြည့် အနိုင်ရထားတာ။ သမက်က သူပုန်၊ ယောက္ခထီးက လွတ်တော်ဥက္ကဋ္ဌဆိုတဲ့ အခင်းအကျင်းမျိုး မြန်မာ့နိုင်ငံရေးမှာပဲ ရှိခဲ့ဖူးတာ။ ကွန်ဖန်ထရိတ်အထိ ရချင်တယ် ဆိုတဲ့ အပြောအဆိုအပြုအမူမျိုးကိုတော့ ဘယ်အစိုးရတက်တက် လက်သင့်ခံမှာမဟုတ်ဘူး။ ဒါ့ကြောင့်လည်း ၂၀၁၉ ဒီဇင်ဘာ ၁၂ ရက်နေ့ရဲ့ ICJ တရားခွင်မှာ ဒေါ်စုကိုယ်တိုင်က ရခိုင် AA ဟာ ပြည်ထောင်စုကနေ ခွဲထွက်ခွင့် ကြိုးပမ်းနေတယ် ဆိုပြီး လျှောက်လဲချက် ပေးခဲ့တာ။
---
ပြောချင်တာက ရခိုင်မှာ စစ်ပွဲတွေဖြစ်နေတာဟာ တပ်မတော်ကြောင့်မဟုတ်ဘူး။ ပြည်သူ့ အစိုးရလို့ ခံယူသုံးနှုန်းကြတဲ့ ဒေါ်စုလက်ထက်မှာတောင် AA ဟာ အစိုးရနဲ့ အဆင်မပြေခဲ့ ဘူး။ ဒေါ်စုအနေနဲ့လည်း ရွေးကောက်ပွဲမှာ ရခိုင်ပါတီအများစုနိုင်တာကိုတောင် ပြည်နယ်ဝန်ကြီးချုပ်ကို NLD ပါတီကနေပဲ ခန့်အပ်ခဲ့တာမျိုးတွေ့ရတယ်။ ဒါတောင် ပလက်ဝဟာ ဒေါ်ခင်ကြည်ဖောင်ဒေရှင်းတွေရှိခဲ့လို့ စစ်ပွဲတွေ ဖြစ်နေပါရက်နဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အာမခံချက်တွေရှိခဲ့တာ။ ရခိုင်လူမျိုးတွေအနေနဲ့ အမှန်တရား ကို ရှုမြင်တတ်ဖို့ လိုနေပါပြီ။ ARSA ဝင်တိုက်လို့ ရွာပျက်သွားတဲ့မြို့တွေက ရခိုင်လူမျိုး တွေကို ကယ်ဆယ်ပေးခဲ့တာက တပ်မတော်ပါ။ လွတ်လပ်ရေး မရခင်ကတည်းက လူမျိုးရေး မုန်းတီးမှုတွေ ၊ အချင်းချင်း သတ်ဖြတ်မှုတွေ သမိုင်းအစဉ်အဆက်ရှိခဲ့တဲ့ ဒေသတစ်ခုမှာ ဘင်နဲ့ ရခိုင် ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ စိတ်ကူး ယဉ်ကြည့်လို့တောင်မရပါဘူး။ ဒါကို ထွန်းမြတ်နိုင်က ဒီလူမျိုးတွေကို AA ထဲ သွတ်သွင်းပြီး သူ့ရည်မှန်းချက်အောင်မြင်ဖို့အတွက် လူမျိုးစု နှစ်ခုစလုံးကို ကောင်းကောင်းအသုံး ချနေတာ တွေ့ရတယ်။
---

ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုးတွေပဲ ပိုင်တာပါ။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ရွေးကောက်ခံအစိုးရ တစ်ရပ်မျိုး အုပ်ချုပ်တာပဲဖြစ်သင့်ပါတယ်။ ကိုယ့်လူမျိုးကိုလည်း အမြင့်မြတ်ဆုံးလို့ သွေးနားထင် ရောက်တာလည်း ရောက်သင့်သလောက်ပဲ ကောင်းပါတယ်။ အဖရခိုင်ပြည် ဘာညာလို့ပြော၊ မျိုးချစ်စိတ်ကို အခြေခံပြီး စစ်ပွဲတွေ ရှည်ကြာအောင် ခုတုံးလုပ်နေတာမျိုး မဖြစ်သင့်တော့ပါဘူး။   လူမျိုးတစ်မျိုးတည်း သီးသန့်နေထိုင်ရှင်သန်တဲ့ ဒေသမျိုး ကမ္ဘာမှာလည်း မရှိတော့ပါဘူး။ ဒီနေရာမှာ မေးဖို့ လိုလာတာက အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ်ပြောသလို သားဖောက် နေတဲ့ မျိုးနွယ်စုနဲ့ ရခိုင်လူမျိုးတွေ ရေရှည်ဘယ်လို ရပ်တည်ရှင်သန်ကြမလဲဆိုတာ ကိုယ့်လူမျိုးကို မညှာတမ်း ပြန်မေးဖို့ လိုလာပါ့လိမ့်မယ်။ တစ်ယောက်တည်းမိုက်ရူးရဲမှုက ရခိုင်တပြည်လုံး စစ်မီးတောက်လောင်ဖို့ မကောင်းပါဘူး။



 တဖက်မှာ ဘင်္ဂလီတွေကို တရားမဲ့ သတ်ဖြတ်နေတဲ့ AA တွေရဲ့လုပ်ရပ်ကို  ရိုနေဆန်းလွင်တို့က “ရခိုင်ပြည်နယ်ရဲ့ ဒုတိယ ဂျီနိုဆိုက်” ဆိုပြီး ကမ္ဘာ့သိအောင်ပြောဆိုနေကြပါပြီ။ ဒါဟာ AA အတွက် အမဲစက်မဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေရဲ့ အမဲစက်အဖြစ် ထင်ကျန်နေတော့မှာပါ။   ဒီလိုပဲ စစ်ပွဲတွေကြောင့် တချို့ မြို့နယ်တွေထဲက မြို့/ရွာတွေဟာ ပြန်နလန်ထူဖို့ အတော်လေး ကြိုးစားရတော့မှာဖြစ်သလို တည်ငြိမ် အေးချမ်းမှု မရှိတဲ့ဒေသဟာ တရားဥပဒေစိုးမိုးမှုက အစ အစစအရာရာ ရုန်းကန် ကြရတော့မှာပါ။

(နရီမိုး)

Post a Comment

Previous Post Next Post