အရှေ့မြောက်မှ အရှေ့တောင်ဘက်ဦးလှည့်လာတဲ့ကျားဖြန့်ဇာတ်ညွှန်းနဲ့BGF အဖွဲ့ရှေ့ဆက်ရမဲ့အနာဂတ်

_______

၁။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာတရုတ်နဲ့မြန်မာကိုရန်တိုက်ပေးပြီး ၁၀၂၇ နဲ့ ရည်မှန်းချက်ပြည့်သွားတဲ့ကျားဖြန့်ဇာတ်ညွှန်းဟာ အရှေ့တောင်ကရင်ပြည်နယ်ဘက်ရွှေ့သွားပါပြီ။ ကရင်ပြည်နယ်၊ ကရင် BGF ဟာ ဇာတ်ညွှန်းထဲရောက်မသွားဖို့လိုပါတယ်။ USIP က " ကရင်ပြည်နယ်၊ မြဝတီ၊ရွှေကုက္ကိုလ်၊ KK park က BGF ကိုင်ထားတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဟာအခုပစ်မှတ်ပြောင်းပြီး အမေရိကန်နဲ့အနောက်နိုင်ငံတွေဘက်လှည့်လာပြီ " လို့ဆိုပါတယ်။

၂။ USIP ထုတ်ပြန်ချက်ဟာယုတ္တိမဲ့ပါတယ်။ ကျားဖြန့်ငွေလိမ်တာအွန်လိုင်းကပါ။ ရှမ်းမြောက်ကကျားဖြန့်ဂိုဏ်းတွေကတရုတ်နိုင်ငံသားတွေကိုအများဆုံးလိမ်ပြီး၊ ကရင် BGF ကျားဖြန့်က အနောက်နိုင်ငံသားတွေကိုသာပစ်မှတ်ထားတယ်ဆိုပြီးစွပ်စွဲတာဟာ မသိရင်သူတို့ကိုယ်တိုင်ဝင်လိမ်နေသလိုပါပဲ။ အက်တာနက်ပေါ်ကလိမ်တာမို့ တရုတ်နိုင်ငံသားဖြစ်ဖြစ်၊အနောက် နိုင်ငံသားဖြစ်ဖြစ် လိမ်ရလွယ်သူကိုလိမ်မှာပါပဲ။ အွန်လိုင်းကလိမ်တာမို့ တစ်ကမ္ဘာလုံးကိုလိမ်မှာပါပဲ။ 

၃။ တကယ်တော့အနောက်လက်သည်ဆိုတာသိသွားပြီး ကရင်ပြည်နယ်ဘက်ကကျားဖြန့်ကိုတရုတ်ကမရှင်းတော့ဘူးဆိုတာသိလို့ သူတို့ကိုယ်တိုင်ဇာတ်ညွှန်းထဲဝင်ဖို့လုပ်တာပါ။ အဓိကတော့ ထိုင်း၊ KNLA၊ KNU အဖွဲ့တွေနဲ့ဖိဖို့ပါ။ ကရင်ပြည်နယ်မှာငွေလိမ်ဂိုဏ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးတာတွေကိုလက်ရှိအစိုးရကိုဆန့်ကျင်နေတဲ့ KNU အဖွဲ့တွေလဲသပွန်အူလိုပါဝင်ရှုပ်ထွေးနေပေမယ့် USIP ကသူတို့လိုတဲ့အဖွဲ့တွေကိုတော့မသိချင်ယောင်ဆောင်ထားပါတယ်။ ငွေလိမ်ဂိုဏ်းတွေမှာ KNU ခေါင်းဆောင်တွေပါဝင်ပတ်သက်နေပြီးမြဝတီကိုတိုက်တဲ့အချိန်မှာသိပ်မဖိပဲ BGF နဲ့လက်ဝါးချင်းရိုက်နေတယ်လို့ PDF တွေရင်ကွဲနာကျပေါက်ကွဲနေခဲ့တာကို USIP သာမသိတာကျန်လူအားလုံးအသိပါပဲ။

၄။ ရှမ်းမြောက်ဒေသမှာအွန်လိုင်းငွေလိမ်ဂိုဏ်း(ကျား​ဖြန့်)တိုက်ဖျက်ရေးဆိုတဲ့ကြေညာချက်နဲ့မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ ၁၀၂၇ အမည်နဲ့စစ်ဆင်ရေးဆောင်ရွက်ခဲ့ပါတယ်။ ကိုးကန့်ဒေသကျားဖြန့်ဟာ တရုတ်နိုင်ငံသားတွေကိုပစ်မှတ်ထားလိမ်လည်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တောင်းဆိုမှုကြောင့် ကိုးကန့်ကျားဖြန့်လုပ်ငန်းခေါင်းဆောင်တွေကိုမြန်မာနိုင်ငံဘက်ကနေတရုတ်ဘက်လွှဲပေးခဲ့ပါတယ်။ တရုတ်နယ်နိမိတ်ထိစပ်ဒေသတွေဖြစ်လို့အရင်းအမြစ်ပုံအောသုံးနိုင်တာ၊ တရုတ်ဩဇာခံလက်နက်ကိုင် (မြောက်သုံးဖွဲ့) က ကိုးကန့်ပြည်သူ့စစ်ထက်အင်အားသာလွန်တာကြောင့်ကိုးကန့်ဘက်ကကျားဖြန့်အဖွဲ့တွေကိုလျင်လျင်မြန်မြန်ဖျက်ဆီးနိုင်ခဲ့တာပါ။

" အရေးအကြီးဆုံးအချက်ကကိုးကန့်ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ထားပြီး တရုတ်ရဲ့နိုင်ငံသားလည်းဖြစ်နေတာကြောင့်တရုတ်နိုင်ငံတရားစီရင်ရေးအာဏာပိုင်သွားတာကြောင့်ဖြစ်ပါတယ်။ "

၅။ မြန်မာနိုင်ငံအောက်ပိုင်းကရင်ပြည်နယ်ဟာတရုတ်နယ်စပ်မဟုတ်ဘဲ အမေရိကန် CIA ခြေရှုပ်လို့ရတဲ့ Buffer လက်နက်ကိုင်ကြားခံထားတဲ့ထိုင်းနယ်စပ်ပါ။ KNA/BGF ဟာ အခြားကရင်လက်နက်ကိုင်တွေနဲ့အင်အားရင်ပေါင်တန်းနိုင်တာ၊ ကရင်လက်နက်ကိုင်အဖွဲ့တွေသဘောထားမညီညွှတ်ကြတာ၊ ထိုင်းနိုင်ငံနဲ့သာနယ်နိမိတ်ထိစပ်နေတာကြောင့် တရုတ်ဖိအားမသက်ရောက်တာတွေကြောင့်ကိုးကန့်လိုဖျက်ဆီးလို့မလွယ်ပါဘူး။ တရုတ်နိုင်ငံသားမဟုတ်တာ၊ တရုတ်နယ်စပ်မဟုတ်တာကြောင့် ကရင် BGF ကိုတရုတ်ကမနှိမ်နင်းပါဘူး။ ပြောရရင်အခုဆိုရင်တရုတ်ရဲ့ကျားဖြန့်စစ်ဆင်ရေးဟာ နောက်ကွယ်ကလက်မဲတွေအကြောင်းပေါ်လာခဲ့ပြီးနောက်ပြီးဆုံးသွားပြီလို့​ပြောလို့ရပါတယ်။

၆။ USIP ကမြဝတီ၊ ကရင်ပြည်နယ်ငွေလိမ်ဂိုဏ်းတွေမှာ BGF လုပ်ကိုင်နေတယ်ဆိုပေမယ့် BGF ဘက်ကငြင်းဆန်ထားပါတယ်။ ကုမ္ပဏီတွေကိုမြေငှားရမ်းတာသာဖြစ်ပြီးကျန်တဲ့လုပ်ငန်းတွေမသိပါဘူးငြင်းထားပြီး ငွေလိမ်လုပ်ငန်းလုပ်တဲ့နိုင်ငံခြားသားတွေကို မြဝတီကနေပြန်ထွက်သွားဖို့ကြေညာထားပါတယ်။ ကိုးကန့်ခေါင်းဆောင်တွေလဲမြေငှားတာအပြင်ဘာမှမလုပ်ဘူးအကြောင်းပြကြပေမဲ့မပြေးသော်ကန်ရာရှိပါပဲ။ BGF ခေါင်းဆောင်တွေအနေနဲ့ကိုးကန့်ခေါင်းဆောင်တွေလိုမဖြစ်ဖို့အတွက်ဥပဒေအတိုင်းဆက်သွားဖို့လိုပါပြီ။ မြန်မာ့သမိုင်းမှာလက်နက်စွန့်ပြီးအစိုးရအရိပ်အောက်မှာအေးအေးဆေးဆေးနေသွားကြတဲ့ နမူနာအချို့ရှိခဲ့ပါတယ်။

▫ ကိုးကန့်လော်စစ်ဟန်

၇။ ၁၉၃၅ ခုနှစ်မှာမွေးဖွားပါတယ်။ အရင်က ကိုးကန့်စစ်ဘုရင်မ ကိုးကန့်စော်ဘွားသမီး အော်လစ်ဗ်ယန်းရဲ့စစ်တပ်ကအရာရှိငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ၁၉၆၀ မှာ အစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်တည်ထောင်ပါတယ်။ ၁၉၇၀ မှာအာရှမူးယစ်ဆေးလောကနာမည်ကြီးတစ်ယောက်ဖြစ်လာတယ်။ ၁၉၇၃ ခုနှစ်မှာကာကွယ်ရေးတပ်တွေဖျက်သိမ်းခံရလို့မြေအောက်လက်နက်ကိုင်တပ်ဖြစ်သွားပါတယ်။ ထိုင်းအစိုးရဆီမှာအဖမ်းခံရပြီးမြန်မာဘက်ပြန်လွှဲပေးခဲ့တယ်။ နိုင်ငံတော်ပုန်ကန်မှုနဲ့သေဒဏ်ပေးခံရပြီး ၁၉၈၀ မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့ပါတယ်။ ကိုးကန့်နဲ့ ဝ စစ်သားတွေ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ၁၉၈၉ ခုနှစ်မှာပုန်ကန်ခွဲထွက်လာတဲ့အခါ အစိုးရနဲ့ ကိုးကန့်၊ ဝ၊ မိုင်းလားတို့ကြား ငြိမ်းချမ်းရေးပွဲစားဆောင်ရွက်ခဲ့တယ်။

မြန်မာပြည်တွင်းမှာစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ဇွန်လမှာ ရန်ကုန်မြို့မှာသေဆုံးခဲ့ပါတယ်။

▫ ရှမ်းတရုတ်ကပြားခွန်ဆာ

၈။ တရုတ်နိုင်ငံမှာမော်စီတုံးခေါင်းဆောင်တဲ့ကွန်မြူနစ်တွေက တရုတ်ဖြူကူမင်တန်တွေကိုအနိုင်တိုက်ထုတ်လိုက်တော့မြန်မာနယ်စပ်ရှမ်းအရှေ့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီကူမင်တန်တပ်ထဲမှာ ခွန်ဆာငယ်ငယ်ကတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၆၀ မှာ အစိုးရလက်အောက်ခံ လွယ်မော်ကာကွယ်ရေးတပ်တည်ထောင်ပါတယ်။ ၁၉၆၄ မှာတောခိုပြီး ၁၉၆၉ မှာအစိုးရကဖမ်းပြီးထောင်ချတယ်။ ခွန်ဆာတပည့်တွေက စဝ်စံထွန်းဆေးရုံကရုရှားဆရာဝန်နှစ်ယောက်ကိုပြန်ပေးဆွဲပြီးခွန်ဆာနဲ့လဲလို့ပြန်လွတ်လာပါတယ်။ ၁၉၇၆ မှာ SUA ဖွဲ့ခဲ့ပါတယ်။ ၁၉၈၅ မှာရှမ်းတော်လှန်ရေးကောင်စီနဲ့ပေါင်းပြီး ဒုဥက္ကဋ္ဌတာဝန်ယူပါတယ်။ နောက်မုန်တိုင်းတပ် MTA ဖြစ်လာပြီးအခုရွှေတြိဂံဒေသမှာဘိန်းအကြီးအကျယ်ထုတ်လုပ်ပြီးဘိန်းဘုရင်ဘွဲ့ရခဲ့ပါတယ်။ ခွန်ဆာနဲ့သူ့ရဲ့ဟီးရိုးအင်းကမ္ဘာ့ကွန်ရက်ကိုဖြိုခွဲ​ဖို့ အမေရိကန်မူးယစ်တိုက်ဖျက်ရေးအေဂျင်စီက ၁၉၉၀ နှစ်လယ်မှာစတင်ကြိုးစားခဲ့ပါတယ်။

၉။ ၁၉၉၅ ခုနှစ်မှာတပ်တွင်းပုန်ကုန်မှုဖြစ်၊ ဘိန်းတန်းအပစ်ခံရပြီးအခြေအနေတွေကိုသုံးသပ်ခဲ့ပုံရပါတယ်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလမှာ မြန်မာအစိုးရဆီ လက်နက်အကုန်အပ်ပြီးလက်နက်နဲ့ငြိမ်းချမ်းရေးလဲခဲ့ပါတယ်။ ခွန်ဆာကိုဆုကြေးအမေရိကန်ဒေါ်လာ ၂ သန်း ထုတ်ပြန်ကြေညာခဲ့ပေမဲ့လွှဲပေးဖို့မြန်မာအစိုးရကငြင်းဆိုခဲ့ပါတယ်။ ခွန်ဆာဟာရန်ကုန်မှာအခြေချခဲ့ပြီး ရန်ကုန်၊မန္တလေး၊တောင်ကြီးမြို့တွေမှာစီးပွားရေးလုပ်ပြီး ၂၀၀၇ ခုနှစ်မှာသေဆုံးသွားခဲ့ပါတယ်။ 

၁၀။ မကြာသေးမီကကိုးကန့်ပြဿနာနဲ့ လော်စစ်ဟန်၊ ခွန်ဆာတို့ဖြစ်စဥ်တွေဟာသမိုင်းသင်ခန်းစာတွေပါပဲ။ စောချစ်သူတို့တကယ်လုပ်တယ်ဆိုရင်တောင်မြန်မာနိုင်ငံသားမို့မြန်မာအစိုးရရဲ့အပြစ်ပေးမှုပဲခံရမှာပါ။ လက်ရှိထွက်ပေါက်ကတော့အစိုးရရဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်ထိန်းသိမ်းရေးတာဝန်ကျေအောင်ထမ်းဆောင်ဖို့ပါ။ ကျားဖြန့်ကုမ္ပဏီတွေကိုရှင်းလင်းမောင်းထုတ်ပြီး၊ အစိုးရလက်အောက်ခံသစ္စာရှိ BGF အဖြစ်ကိုယ်ခံစွမ်းအားကောင်းကောင်းနေရန် (သို့) လက်နက်စွန့်ပြီးပြည်တွင်းမှာအေး​အေးဆေးဆေးနေဖို့ပါပဲ။


Geopolitics Admin

Post a Comment

Previous Post Next Post