ယောင်ပြဖက်ဒရယ်နဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းကြသူတွေ


====
မြန်မာပြည်မှာလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေထဲမှာ အဖွဲ့စုံအသီးသီးအနေနဲ့ မဟာမိတ်တွေလို့ ခေါင်းစဉ် တပ်ထားကြပေမယ့် တကယ့်မြေပြင်မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ဆရာမတင်၊ ဘုရင်မထားတဲ့ စိတ်တွေ ရှိကြတယ်ဆိုတာ ထဲထဲ ဝင်ဝင်တွေ့နိုင်တယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ  ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုပြီး ဖင်ပြဲအောင်အော်နေကြပေမယ့်လည်း ဒီမိုကရေစီနည်းလမ်းကျင့်စဉ်အရ ရွေးကောက်ပွဲအရတက်လာမယ့် ပါတီတွေ/အစိုးရတွေ ကိုလည်း အလိုမရှိကြတာ တွေ့ရ တယ်။ သားစဉ်မြေးဆက် လက်နက်နဲ့ချိမ်းခြောက်ပြီး ဗမာမုန်းတီးရေးအခြေခံစိတ်နဲ့ သူတို့ လက်နက်ကိုင်တပ်ဖွဲ့ထဲကို အဓမ္မ ဝင်ရောက်အမှုထမ်းကြရတဲ့ တိုင်းရင်းသားတွေရဲ့ ဒုက္ခကလည်း တကယ့်တော့ မသေးလှဘူး။ မျိုးနွယ်တူဖြစ်လို့သာ ကျိတ်မှိတ်ခံကြတာလို့ တွေးမိတယ်။ ဥပမာ-လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ပွဲဖြစ်တဲ့အခါ မျိုးနွယ်တူလို့သာ ငွေကြေးအားဖြင့် သိသိသာသာ၊ မသိမသာထည့်ဝင်ပေးကြတယ်။ တကယ်တမ်း AA ဘက်က စစ်မှုထမ်းပါ၊ စစ်တိုက်ပါဆိုရင် မြို့ပြထဲက ဘယ်သူမှ သွားမှာမဟုတ်ဘူး။ ဒီသဘောပဲ။
----
ဒီကြားထဲ ၂၀၀၈ ခြေဥဟာ စစ်တပ်ကဆွဲလို့ စစ်ကျွန်ခြေဥဆိုပြီးလက်ညိုးထိုးခဲ့ကြသူတွေ က  ၁၉၄၇ ခြေဥဟာ  ကိုလိုနီအစိုးရ ပြဌာန်းထားတဲ့ ၁၉၃၅ အက်ဥပဒေအောက်က ရေးဆွဲ လာတဲ့ ခြေဥဆိုတာတောင် ကွဲကွဲပြားပြားသိရဲ့လားဆိုတာလည်းမသေချာပြန်ဘူး။ ပြည်ပ အထောက်အပံ့ရအောင်နဲ့ တပ်မတော်ကို တိုက်ခိုက်တဲ့အခါမှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်ကို အရေခြုံလို့ ရအောင်လို့သာ  EAO တွေက  NUG နဲ့ ပူးပေါင်းသလို ဟန်ပြထားတာလည်း ငတုံးတွေက မတွေးမိကြသေးဘူး။ NUG ဘက်ကကြည့်ပြန်ရင်လည်း သူ့ကို အစိုးရ တစ်ရပ်ဆိုတဲ့ အမည်နာမ တပ်စေချင်လို့ NUCC ကို မဟာမိတ် ERO တွေနဲ့ပင်းဖွဲ့ထားကြ တာ။ ဒီလောက်ပဲ။
----
သိသာအောင်ပြောရရင် ရှမ်းမြောက်မှာ ကွမ်လုံကျတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဆိုသူ ရည်မွန်က  ရုပ်ထွက်ပြပြီး နယ်မြေသွားတောင်းတယ်။ မရဘူး။ နယ်စပ်ဒေသမရလို့ ပြင်ဦးလွင် သရက်ကုန်းမှာ ရမလားဆိုပြီး ဟန်ပြနေကြည့်တယ်။ ထွက်ပြေးခဲ့ရတာပဲ အဖက်တင်ခဲ့တာတွေ့ရတယ်။ ဒီနေ့အထိ ရာခိုင်နှုန်း ၆၀ ကျော်သိမ်းပိုက်ထားပြီးပါပြီဆိုတဲ့ NUG အတွက် ခိုင်ခိုင်မာမာ ပြစရာ လွတ်မြောက်နယ်မြေဆိုတာ ဒီနေ့အထိမရှိခဲ့ဘူး။ ရှင်းအောင် ထပ်ပြောရရင် EAO တွေက  NUG ကို အစိုးရတစ်ရပ်လို့ ဘယ်သောအခါမှ သဘောမထားခဲ့ဘူး။ ရည်မှန်းချက်ချင်းတူလို့ မဟာမိတ်အဖြစ်နဲ့သာ လုပ်ငန်းသဘောအရ ဆက်ဆံ ကြတဲ့သဘော။ တကယ့်မြေပြင်မှာလည်း လက်နက်လိုချင်ရင် လူပေးရမယ်ဆိုတဲ့ အပေးအယူနဲ့ EAO တွေဆီမှာ ကျွန်ခံနေရတဲ့ ဗမာလူငယ်တွေက လက်ညိုးထိုး မလွဲရှိတယ်။
----
ဇင်မာအောင်ကြီးကသာ နိုင်ငံတကာပတ်ပြီး အစိုးရပုံစံ ဂိုက်ပေးကြမ်းနေတာ။ သူ့အောက်မှာ ထောက်ခံတဲ့သူက ဘယ် EAO မှမရှိဘူးဆိုတာ အမေရိကန် ကလည်းသိတယ်။ နိုင်ငံတကာကလည်းသိတယ်။ ယုတ်စွအဆုံး NUG ရဲ့ COC ထဲကို ပုလဲ၊ ယင်းမာပင်က ဗိုလ်နဂါးတောင် မဝင်ဘူး။ လက်ရှိ ရှမ်းမြောက်ဒေသမှာ မဟာမိတ် EAO တွေမှာလည်း နယ်မြေအငြင်းပွားတဲ့ ပြဿနာတက်နေတယ်။ အဓိက တော့ အကျိုး စီးပွားပဲ။ TNLA ကတော့ ခေါင်ချုပ်ဖြစ်တဲ့ “ဝ”ကို KIA နဲ့ ပတ်သက်ပြီး တိုင်ထားတယ်။ ဒီအကြောင်းအရာတွေကို ဆက်စပ်ကြည့်ရင် မြန်မာပြည်က EAO တွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လက်သင့်ခံကြတဲ့ လက်နက်ကိုင်တွေမဟုတ်ဘူးဆိုတာ ထင်သာမြင် သာရှိစေရတယ်။ ပါတီထောင်ပြီး အစိုးရဖြစ်တဲ့ ရွေးကောက်ပွဲကျင့်စဉ်နောက်ကို မလိုက်ဘဲ လက်နက်ကိုင်ပြီး နယ်မြေအုပ်ချုပ်ချင်တဲ့ စစ်ဘုရင်ဝါဒကိုသာ ယုံကြည် အားကိုးတယ် ဆိုတာ ပိုပြီး ထင်ရှားစေတယ်။ တကယ်တော့ စစ်အင်အားရှိတိုင်း၊ နယ်မြေသိမ်းပိုက်ထားတိုင်း ဥပဒေဘက်က တွေးရင် တရားမဝင်ဘူးဆိုတာ “ဝ”မော်ဒယ်ကို ကြည့်ရင်သိသာတယ်။ “ဝ”ဟာ EAO ထဲမှာ အင်အားအကောင်းဆုံးပဲ။ ပြည်နယ်အဆင့် ထိ ရဖို့လည်း နေပြည်တော်ကို ခြေချင်းလိမ်နေအောင်လာတယ်။ ဒါပေမယ့် ခုထက် ထိ အကျုံးမဝင် သေးဘူး။
----
လက်ရှိ MNDAA က လောက်ကိုင်၊ သန္ဒီ၊ ကွတ်ခိုင်နဲ့ မုံးကိုးဆိုတဲ့ ခရိုင်(၄)ခုပါတဲ့ အထူးဒေသ(၁)ဆိုပြီး ထူထောင်တယ်လို့ ကြားမိတယ်။ ရှမ်းနီကို ပြည်နယ်မပေးချင်လို့ NUCC ကထွက်ထားတဲ့ KIA ကလည်း  ရှမ်းမြောက်မှာ ရသလောက်ယူဦးမှာပဲ။ TNLA ကလည်း SSPP နဲ့ငြိသလို KIA နဲ့လည်း ပြဿနာတက်ထားသေးတယ်။ ဒါတွေကို ကြည့်ရင် EAO တွေ သန္ဓေဟာ  တန်းတူညီမျှရေးလည်းမဟုတ်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ လက်နက်ကိုင်ရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လည်း ဝေးကွာနေတာတွေ့ရမယ်။ ကြားထဲမှာ အချောင်သေပေးရတာကတော့  ကိုယ့်ယုံကြည်တဲ့ အစိုးရကလည်း ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ လွတ်မြောက်နယ်မြေကလည်း တိတိကျကျ မရတဲ့ အညာဒေသ PDF တွေပဲ။

(နရီမိုး)

Post a Comment

Previous Post Next Post