ပြန်ပေးဆွဲခံရသည့် ဆရာနှစ်ဦးကို ရှာဖွေမှုရပ်နားထား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်က ပြန်ပေးဆွဲခံရတဲ့ ဆရာနဲ့ ဆရာမ နှစ်ယောက်ကို ရှာဖွေမှု ရပ်နားထားတယ်လို့ နံ့သာတောင်ဆရာတော်က မိန့်ကြားပါတယ်။ ပြန်ပေးဆွဲခံရပြီး ငါးရက်မြောက်နေ့ ဖြစ်တဲ့ ဇွန် ၂၀ ရက်မှာ စတင်ရပ်နားထားတာပါ။  ပြန်ပေးဆွဲခံရတဲ့ နှစ်ယောက်ကို ဒေသခံတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အဖွဲ့ခွဲပြီး သံသယရှိတဲ့ တောတောင်နေရာတွေကို ဖြန့်ကြက် ရှာဖွေနေကြ တာဖြစ်ပါတယ်။ ရှာဖွေမှုကို ရပ်နားထားတာက မိသားစုနဲ့ သက်ဆိုင်ရာတွေက ပြန်ပေးဆွဲသူတောင်းတဲ့ငွေကို ပေးဖို့ပြင်ဆင်နေကြတဲ့အတွက် ရပ်နားထားတာဖြစ်တယ်လို့ ရှာဖွေကယ်ဆယ်ရေးမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့ နံ့သာတောင်ဆရာတော် ဦးစရဏ ကမိန့်ကြားပါတယ်။ 
ပြန်ပေးဆွဲခံရပြီး သုံးရက်မြောက်နေ့မှာ ပြန်ပေးသမားက ဘင်္ဂလားဒေ့ရ်ှငွေ တာကာ သိန်း ၅၀ ပေးဆောင်ဖို့ မြို့နယ်ပညာရေးမှူးဆီကို ပျောက်ဆုံးနေသူ ဆရာမရဲ့ဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ရှာဖွေမှုတွေပြုလုပ်နေတဲ့ ၄ ရက် မြောက်နေ့ဖြစ်တဲ့ ဇွန် ၁၉ ရက်ကလည်း တောင်ပြိုလက်ဝဲနဲ့ ခြောက်မိုင်လောက် အကွာ မဲဒီကျေးရွာနားက တဲတစ်ခုကနေ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သေနတ်နဲ့ ပစ်ခတ် ခံရတဲ့အတွက် ရှာဖွေရေးမှာပါရှိတဲ့ လောင်းဒုံ ကျေးရွာသားတစ်ယောက်ရဲ့ ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ သိရပါတယ်။
 
ပြန်ပေးဆွဲခံရတဲ့ ကျောင်းဆရာနှစ်ယောက်ကတော့ မောင်တောမြောက်ပိုင်း တောင်ပြို လက်ဝဲမြို့၊ သင်္ဘောလှ ကျေးရွာ မူလတန်းလွန်ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက် ဆရာမ ဒေါ်ဥမ္မာကျော်တို့ ဖြစ်ပါတယ်။ သူတိုနှစ်ယောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ တာဝန် ကျရာနေရာ ကနေ မောင်တောမြို့နယ်ပညာရေးမှူးရုံးကို လာရောက်စဉ် နေ့လယ်တစ်နာရီအချိန်လောက်က လမ်းမှာ ဖမ်းဆီးခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့တာလို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့နှစ်ယောက် လွတ်မြောက်ရေးအတွက် မောင်တောခရိုင်ပညာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မိသားစုနဲ့ ဆွေမျိုးအပေါင်း အသင်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ တခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း လုပ်ဆောင်နေတယ်လို့ ပညာရေးမှူးရုံးက သိရပါတယ်။
ONM

Post a Comment

Previous Post Next Post