ပြည်သူတွေ သွေးမြေကျအောင် ဘယ်သူတွေ ဖန်တီးနေသလဲ...?

ဒီမိုကရေစီအပြောင်းအလဲနဲ့အတူ နိုင်ငံရေးစင်မြင့်ပေါ်ရောက်လာကြသူတွေ ရှိပါတယ်။ မိဘအရှိန်အဝါနဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို ကိုယ်ပိုင် စီးပွားရေးနဲ့ နိုင်ငံရေးစင်မြင့်ပေါ် တက်လာသူတွေလည်း ရှိပါတယ်။ မိဘအရှိန်အဝါလည်းရှိ နိုင်ငံတကာပံ့ပိုးမှုလည်း ရတဲ့ပုဂ္ဂိုလ်ကတော့ ပြည်သူတွေကြားမှာ သူမတူအောင် ရေပန်းစားခဲ့တယ်လို့ ပြောနိုင်ပါတယ်။
မြန်မာပြည်သူအများစုဟာ ပါတီစုံဒီမိုကရေစီစနစ်အရ ပါတီတွေများစွာ ထွက်ပေါ်လာပေမယ့် ပါတီတွေရဲ့ မူဝါဒတွေကို လေ့လာပြီး အားပေးတာမျိုး၊ ဝန်းရံတာမျိုးထက် ထင်ရှားကျော်ကြားမှုကို အလေးထားပြီး အားပေးထောက်ခံကြခြင်းက ပိုများပါတယ်။ တကယ်တန်း ပါတီတွေရဲ့ မူဝါဒတွေကို ပါတီဝင်တွေကိုယ်တိုင်တောင် လေ့လာမှုအားနည်းတဲ့ တိုင်းပြည်မှာ ပြည်သူတွေက ပါတီတွေရဲ့ မူဝါဒကို မလေ့လာတာ သိပ်တော့ မထူးဆန်းပါဘူး။
ဒီမိုကရေစီကို တကယ်မြတ်နိုးတယ်။ ဒီမိုကရေစီကို တန်ဖိုးထားတယ်ဆိုခဲ့ရင်တော့ လူနဲ့ မူ ကို ယှဉ်တွဲပြီး သုံးသပ်ကြရမှာပဲဖြစ်ပါတယ်။ လူနဲ့ မူ လို့ ပြောလိုက်တိုင်း တချို့က လူကအရေးကြီးတယ်။ တချို့က မူက အရေးကြီးတယ်ဆိုတဲ့ သုံးသပ်မှုမျိုးတွေလည်း ရှိပါတယ်။ လူကို ရှေ့တန်းတင်တဲ့ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ခေါင်းဆောင်လုပ်မယ့် သူတွေဟာ သမာသမတ်ရှိပြီး တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးကို အမှန်တကယ်လိုလားသူဖြစ်မှသာ တိုင်းပြည်ရဲ့ ရှေ့ရေးက အလားအလာကောင်းမှာ ဖြစ်ပါတယ်။ ပြည်သူလူထုက တခဲနက်ထောက်ခံပြီး ပြည်သူလူထုရဲ့ မျက်နှာကို မထောက်တဲ့ ခေါင်းဆောင်မျိုး ဖြစ်နေခဲ့သော် ကျွန်တော်တို့ ပြည်သူတွေဘဝဟာ မတွေးဝံ့စရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
ယခု လက်ရှိဖြစ်ပေါ်ဆဲ၊ ဖြစ်ပေါ်လတ္တံ့ အကြမ်းဖက်မှုတွေဟာလည်း ပြည်သူအများစုက တခဲနက်ထောက်ခံပါတယ်ဆိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ လော်မာမှုတွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူများစွာ သေဆုံးနေရခြင်းဖြစ်ပါတယ်။ 
ကျွန်တော်တို့ တိုင်းပြည်မှာ ၂၀၁၀ ဒီမိုကရေစီ ခေတ်ပြောင်းကာလမှာ နိုင်ငံရေးနယ်ပယ်ထဲကို တရားဝင်ခြေချ ရပ်တည်လာတဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေကိုပဲ သုံးသပ်တင်ပြသွားပါမယ်။ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီဟာလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှ နိုင်ငံရေးနယ်ပယ်ထဲ ခြေချခဲ့တဲ့ ပါတီဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဆိုတဲ့ ပါတီဟာလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေးနယ်ပယ်ထဲ တရားဝင် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ 
၂၀၁၀ နောက်ပိုင်းမှ နိုင်ငံရေးထဲ ခြေချလာတဲ့ ပါတီ ၂ခုမှာ NLD ပါတီကတော့ ပါတီခေါင်းဆောင်ရဲ့ ပုံရိပ်၊ ပါတီခေါင်းဆောင် ဖခင်ရဲ့ ပုံရိပ်တွေကိုပါ အသုံးချပြီးတော့ ၂၀၁၅ မှာ အာဏာရပါတီ ဖြစ်လာခဲ့ပါတယ်။ သူအာဏာရပါတီ ဖြစ်လာချိန်မှာ သူပြောတဲ့ ဒီမိုကရေစီစံနှုန်းတွေကို အလေးထားသလား။ အာဏာရှင်ဆန်ဆန် လုပ်ခဲ့သလားဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ကြည့်ရင် အဖြေပေါ်မှာပဲ ဖြစ်ပါတယ်။ အာဏာမရခင်က တရားဥပဒေစိုးမိုးရေး၊ အဂတိကင်းစင်ရေး၊ တန်းတူညီမျှရေး ရေပတ်မဝင်အောင် ပြောခဲ့တာတွေကို မှတ်မိနေကြပါလိမ့်မယ်။ သို့ပေသော် အာဏာရလာတဲ့အချိန်မှာတော့ ငါနဲ့မတူ ငါ့ရန်သူ၊ ဝေဖန်ရင် သေဒဏ် ဆိုတဲ့ အာဏာရှင်အချိုးမျိုးနဲ့ လုပ်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း ဖျောက်ဖျက်မရပါဘူး။
၅နှစ်တာ တိုင်းပြည်ကို ဦးဆောင်ခွင့် ရလိုက်ချိန်မှာ အာဏာရဲ့ အရသာကို သိသွားတယ်။ အာဏာသက်ဆိုးရှည်ချင်လာတယ်။ ဒီလိုပုဂ္ဂလိက ခံစားချက်တွေကို ရှေ့တန်းတင်ပြီး အာဏာရမ္မက်ထလာတဲ့အချိန်မှာ ဒီမိုကရေစီစံနှုန်းတွေကို အလေးမထားနိုင်တော့ပါဘူး။ ဒီမိုကရေစီမဆန်တဲ့ လုပ်ရပ်တွေကြောင့် ပါတီတွင်းမှာ ပြဿနာတွေ ပေါ်ပေါက်လာသလို အဂတိလိုက်စားမှုတွေကိုလည်း ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် အဂတိလိုက်စားမှုကို မလိုလားပါဘူးဆိုတဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အဂတိလိုက်စားသူ ဖြစ်နေလို့ပါပဲ။
၂၀၂၀ ရွေးကောက်ပွဲကာလ နီးလာတဲ့အချိန်မှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ) ကလည်း အင်အား အလုံးအရင်းနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်လာတယ်။ အဲဒီလို ခြေလှမ်းကျဲလာတဲ့ အခြေအနေမှာ NLD ပါတီက နှင်းဆီပါတီဥက္ကဋ္ဌ ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေး၊ တရားမဝင် ငွေကြေးတွေအဖြစ် ထုတ်ပြန်ပြီး ပါတီဥက္ကဋ္ဌ ကို ချက်ချင်း လက်ငင်း ထောင်ထဲ ဖမ်းထည့်လိုက်သလို ကိုယ်စားလှယ်လောင်းစာရင်းတွေ တင်သွင်းပြီးချိန်မှာ ပါတီကိုပါ ဖျက်သိမ်းလိုက်သည်အထိ လက်စတုန်း လုပ်လိုက်တော့တာပါပဲ။ ပြိုင်ဘက်ကို အာဏာနဲ့ အသေသတ်လိုက်တဲ့ လုပ်ရပ်ကို မြင်တွေ့ခဲ့ကြရပါတယ်။ ဒီဖြစ်စဉ်ကလည်း မကြာသေးမီကာလက ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ။
NLD အစိုးရက ပါတီကို မတရားသဖြင့် ဖျက်ဆီးတယ်။ ခေါင်းဆောင် ဖမ်းပြီး ထောင်ထဲ ထည့်တယ်။ ပါတီပိုင်ရော၊ ခေါင်းဆောင်ပိုင် ပစ္စည်းတွေကို သိမ်းဆီး ချိပ်ပိတ်သွားခဲ့တယ်။ အမှုကိုလည်း ကြီးလေးတဲ့ အမှုဖြစ်အောင် NLD အစိုးရနဲ့ NLD အစိုးရက ဖွဲ့စည်းထားတဲ့ UEC က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။
ယနေ့ NLD အစွန်းရောက်တွေ အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ ဆူပူအကြမ်းဖက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်နေသလို NLD အစိုးရက နှင်းဆီပါတီကို မတရားသဖြင့် ဖျက်ဆီး၊ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်း လုပ်လာတဲ့အချိန်မှာ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အနေနဲ့သာ မတရားမှုကို ဆန့်ကျင်ကြလို့ လှုံ့ဆော်ခဲ့မယ်ဆိုရင် ၂၀၂၀ ရွေးကောက်ပွဲတောင် ဖြစ်လာစရာအကြောင်းမရှိဘဲ ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်းမှာပဲ ဆူပူမှုတွေ ဖြစ်နေမှာ သေချာပါတယ်။
ပါတီဝင်တစ်ဦးရဲ့ ပြောကြားချက်အရ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ပါတီကို ဖျက်သိမ်းခံရ၊ လူကို ဖမ်းဆီးထောင်ချပြီး ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းတာမျိုး လုပ်ခြင်းကို မတရားသဖြင့် ခံနေရချိန်မှာတောင် "လမ်းပေါ် မထွက်နဲ့၊ ဥပဒေ ဘောင် အတွင်းကပဲ ရပ်တည် လက်နက်ကိုင်း အကြမ်းဖက်နည်း မလုပ်ရ" လို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်စုနဲ့ ဦးကျော်မြင့် ပုဂ္ဂိုလ်ရေးရာ ထင်ရှားကျော်ကြားမှုမှာ အများကြီး ကွာဟပါတယ်။ ဒေါ်စုဆိုတာ ကမ္ဘာသိပုဂ္ဂိုလ်၊ ပြည်သူအများစုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အရှိန်အဝါလည်း ကြီးမားတယ်။ ဦးကျော်မြင့်ဆိုတာ မြန်မာ့နိုင်ငံရေးမှာ လိုအပ်ချက်တော့ ရှိနေပြီဆိုတဲ့ အသိနဲ့ နိုင်ငံရေးထဲကို ဝင်တိုးလာတဲ့သူ၊ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားပြီး နိုင်ငံရေးနယ်ပယ်ထဲကို ခြေချလာတဲ့သူဖြစ်ပါတယ်။
သဘောအားဖြင့် နှင်းဆီပါတီကို ဖျက်သိမ်းခြင်း၊ တရားစွဲဆိုခြင်းမှာ ဘာမှ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဖမ်းချင်လို့ ဖမ်းတယ်။ သိမ်းချင်လို့ သိမ်းတယ်ဆိုတဲ့ အာဏာရှင်ဆန်ဆန် လုပ်ရပ်နဲ့ အသေသတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ NLD ရဲ့ သဘောထားကတော့ ရှင်းပါတယ်။ ရန်သူကို အရှင်မထားဘူး။ အသေသတ်တဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။
ဦးကျော်မြင့်ဟာ နိုင်ငံတကာရဲ့ အထောက်အပံ့နဲ့ နိုင်ငံရေးထဲကို ခြေချလာတာမဟုတ်ဘူး။ သူ့ကိုယ်ပိုင်စီးပွားရေးနဲ့ ပါတီကနေ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေအတွက် အကုန်အကျခံပြီး ဆောင်ရွက်သူ ဖြစ်ပါတယ်။ ဒေါ်စုကတော့ နိုင်ငံတကာက အထောက်အပံ့၊ အာဏာကို အကြောင်းပြုပြီး အဂတိလိုက်စားပြီး ရရှိထားတဲ့ ငွေကြေးဥစ္စာတွေနဲ့ နိုင်ငံရေးအာဏာကို တည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။

ဦးကျော်မြင့် အဖမ်းခံရပြီးချိန်မှာ ဦးကျော်မြင့်ရဲ့ လမ်းညွှန်ချက်ကြောင့် နှင်းဆီပါတီဝင်တွေဟာ ဥက္ကဋ္ဌက ညွှန်ကြားထားလို့ ရွေးကော်က မတရားသဖြင့် ဖျက်သိမ်းခြင်းခံရတဲ့ အခြေအနေမှာတောင် ရွေးကောက်ပွဲ ကာလ မှာရော အလွန်မှာရော ဆူဆူ ပူပူ ဆန္ဒပြတာတွေ အကြမ်းဖက်တာတွေ မလုပ်ခဲ့ မရှိခဲ့ဘူး ဆိုတာ ထင်ရှားပါတယ်။

NLD ပါတီရဲ့ ရန်သူကို အသေသတ်တဲ့ လမ်းစဉ်ဟာ ဘယ်လောက်အထိ ယုတ်မာရိုင်းစိုင်းသလဲ ဆိုရင် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ထဲထည့်ပြီးတာတောင် အကျည်းသား အခွင့်အရေးကို မပေးခဲ့ပါဘူး။ ဦးကျော်မြင့် ထောင်ထဲရောက်ချိန်မှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ က ဦးပညာဝံသ ထောင်ထဲမှာ ရှိနေပါတယ်။ နောက်တော့ ဆရာတော်ဦးဝီရသူ အဖမ်းခံရပြီး ဦးကျော်မြင့်အပေါ် NLD အစိုးရရဲ့ ယုတ်မာရိုင်းစိုင်းမှုကို မျက်မြင်တွေ့ခဲ့ရပါတယ်။ အကျည်းထောင်ထဲမှာ အကျည်းသားတိုင်း ဧည့်တွေ့ခွင့်ဆိုတာ ရှိပါတယ်။ အိမ်က ပေးပို့တဲ့ ပစ္စည်း ထောင်အရာရှိများက စစ်ဆေးပြီး တရားဝင် သွင်းပေးတဲ့ အစားအသောက်တွေကို စားသောက်ခွင့် ရှိပါတယ်။ နိုင်ငံရေးသမားတွေဆိုရင် ပိုပြီးတော့တောင် အခွင့်အရေးပေးရပါသေးတယ်။ သို့ပေသော် နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် နိုင်ငံရေးသမားတွေလို အခွင့်ထူး ရဖို့ အဝေးကြီး။ ခိုး၊ ဆိုး၊ လု၊ နှိုက် နဲ့ ထောင်ကျလာတဲ့သူလောက်တောင် အခွင့်အရေးမရခဲ့ပါဘူး။
အင်းစိန်ထောင် ဂဠုန်ဦးစော နေသွားခဲ့တဲ့ ၅တိုက်မှာ ဦးကျော်မြင့်ကို ထားတယ်။ ဆရာတော် ဦးဝီရသူ မရောက်သေးတဲ့အချိန် ၅တိုက် တစ်တိုက်လုံးမှာ ဦးကျော်မြင့် တစ်ယောက်ကိုပဲ ထားတယ်။ ဦးကျော်မြင့် နေတဲ့အခန်းကို CCTV တပ်ထားပြီး စောင့်ကြည့်နေတယ်။ ထောင်ဝန်ထမ်းတွေလည်း ထမင်းပို့ချိန်ပဲ သွားခွင့်ရှိတယ်။ ဦးကျော်မြင့်နဲ့ အခြားအကျဉ်းသားတွေ တွေ့ခွင့်မပေးဘူး။ ဧည့်တွေ့ မပေးဘူး။ ထောင်ထဲကို ပစ္စည်းပို့ပေးလို့ မရဘူး။ ဦးကျော်မြင့် ထောင်ထမင်း ၊ ထောင်ဟင်းစားပြီး သက်ဆိုးမရှည်အောင် အသေသတ်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
အာဏာသက်ဆိုးရှည်လိုတဲ့ NLD ဟာ အာဏာရဖို့ကလွဲရင် ဘာမှ စိတ်မဝင်စားတော့ဘူး။ ဦးကျော်မြင့်အပေါ်ကို ယုတ်မာသလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ပြိုင်ဘက်တွေကို အပြတ်အသတ် အနိုင်ရလိုစိတ် အာဏာလောဘ တက်နေတဲ့အတွက် တခြားသော ပါတီအဖွဲ့အစည်းတွေကို လွတ်လပ်စွာ စည်းရုံးဆောင်ရွက်ခွင့် မပြုဘူး။ NLD အနေနဲ့ ကြတော့ သူတို့ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကိုပါ ချိုးဖောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုသူရော၊ သမ္မတ ကပါ စည်းရုံးရေးဆင်းတယ်။ facebook ပေါ်မှာလည်း ပလူပျံအောင် စည်းရုံးလှုပ်ရှားတယ်။ ရွေးကောက်ပွဲ ကာလ ရောက်လာတော့ ရွေးကောက်ပွဲ စည်းမျည်းစည်းကမ်းနဲ့ မညီညွတ်တဲ့ လုပ်ရပ်တွေကို လုပ်တယ်။ မဲလိမ်မဲခိုးမှုတွေကိုလည်း ကမ္ဘာ့စံချိန်တင် ကျူးလွန်ခဲ့တယ်။
ကမ္ဘာမှာ မဲဆယ့်တစ်သန်းခိုးတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အိုင်ကွန်ကြီးဦးဆောင်တဲ့ ပါတီက ဒီမိုကရေစီစံနှုန်းတွေ၊ တန်းတူညီမျှခွင့်တွေ အားလုံးကို ချိုးဖောက်ပြီး ပြိုင်ဘက်များအပေါ် အပြတ်အသတ် အနိုင်ရလိုမှုနဲ့ ကမ္ဘာ့စံချိန်တင် မဲခိုးမှုကြီးကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို နီပိန်းလေးတွေက အခုထိ အမြင်နိုင်သေးဘူး။ သူတို့ ထောက်ခံတဲ့ ပုဂ္ဂိုလ် ကို ကမ္ဘာမှာ အပြစ်အကင်းဆုံး လူလို့ ယုံမှတ်နေကြတုန်းပဲ။ ဒီလို အခြေအနေဖြစ်အောင်လည်း လှုံ့ဆော်ဝါဒဖြန့် မှိုင်းတိုက်မှု အင်အားက မြန်မာပြည်တွင်းက အင်အားသာမက ကမ္ဘာ့မီဒီယာတွေရဲ့ အင်အားကိုပါ ရတော့ သူမအတွက် အရာရာ အသာစီးအနေအထားပေါ့။
သို့သော် ယုတ်မာကောက်ကျစ်မှုတွေနဲ့ အာဏာသက်ဆိုးရှည်လိုသူတွေရဲ့ ဘဝနိဂုံးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့ လွှတ်တော်ခေါ်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ အချိန်မှာပဲ တပ်မတော်က ဝင်ရောက်ထိန်းသိမ်းလိုက်ရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ တပ်မတော်က ထိန်းလိုက်ပြီဆိုတော့မှ အသံမျိုးစုံ ထွက်လာကြတာ ယနေ့အချိန်အထိ ဆူပူနေတုန်းပေါ့။ မဲမသမာမှုတွေနဲ့ ပတ်သက်လို့ အခြားပါတီများက ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများက တိုင်ကြားလာပြီ။ UEC က ငြင်းဆန်တယ်။ NLD အစိုးရက ရေငုံနှုတ်ပိတ်နေတယ်။ တပ်မတော်ကို တင်ပြတိုင်ကြားမှုတွေ လုပ်လာတဲ့အခါ တပ်မတော်က မဲစာရင်းတွေ စစ်ဆေးနိုင်ဖို့ အချက်အလက်တွေ မိတ္တူကူးယူခွင့် ပြုဖို့ ပြောတယ်။ NLD အစိုးရရဲ့ UEC က ကူးခွင့်မပြုဖို့ ပိတ်ပင်တယ်။ နောက်တော့ တပ်မတော်က ကိုယ်စားလှယ်လောင်းများထံ ဖြန့်ဝေထားတဲ့ မဲဆန္ဒရှင် စားရင်းများကို ရယူပြီး စစ်ဆေးလိုက်ချိန်မှာ မြန်မာနိုင်ငံအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူ အရေအတွက်ထက် သူတို့ရဲ့ မဲစာရင်းမှာ ရှိနေတဲ့ စာရင်းက သန်းနဲ့ချီပြီး ကွာဟနေတယ်။ အသက် ၁၀၀ ကျော်တွေ မဲပေးခွင့် ရတဲ့ စာရင်းတွေ ထွက်လာတယ်။ မဲပေးခွင့် မရှိသေးတဲ့ သူတွေ မဲစာရင်းမှာ ပါဝင်နေတယ်။ လူတစ်ယောက်က ဆန္ဒမဲကို ၂ကြိမ်၊ ၃ကြိမ် ပေးခွင့်ရတဲ့ အချက်အလက်တွေ ထွက်လာတယ်။
NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို တပ်မတော်က ထိန်းသိမ်းလိုက်တဲ့ လုပ်ငန်းစဉ်မှာ ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်သလို NLD ပါတီက ပုဂ္ဂိုလ်များ၊ NLD ပါတီက ဖွဲ့စည်းထားတဲ့ UEC မှ တာဝန်ရှိသူများရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို တိတိကျကျ ချပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ (၄၁၇) အရ ဆောင်ရွက်ခြင်း ဖြစ်တယ်ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြသွားခဲ့ပါတယ်။
NLD အစိုးရက အင်အားအပြည့် ဝင်ရောက်လာတဲ့ ပြိုင်ဖက် နှင်းဆီပါတီကို ရွေးကောက်ပွဲ နီးမှ only one statement without investigation ဖျက်သိမ်းတယ်။ ခေါင်းဆောင်ကို ဖမ်းဆီး ပါတီပိုင်ရော ကိုယ်ပိုင် ပစ္စည်းတွေ ပါ သိမ်းတယ်။
NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံရပြီးချိန်မှာ နိုင်ငံရေးလုပ်စားသူတွေ ဆူပူအကြမ်းဖက်ဖို့ စိုင်းပြင်လာကြပြီ။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်စုကလည်း တော်လှန်ပုန်ကန်ဖို့ လှုံ့ဆော်ပြောဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ ကိုယ်ကျိုးရှာ နိုင်ငံရေးသမား၊ မီဒီယာအားလုံး စုပေါင်းလိုက်ကြပါပြီ။ နိုင်ငံရေးဆူပူမှုတွေ စတင်လာပြီ။ လုံခြုံရေးတွေကို တိုက်ခိုက်လာပြီ။ အပြစ်မဲ့ ပြည်သူတွေကို သူတို့နဲ့အတူ မပါရကောင်းလာလို့ ရန်ရှာစော်ကားလာကြပြီ။
နိုင်ငံရေးသြဇာကြီးမားလွန်တဲ့ ပုဂ္ဂိုလ်၊ မိဘအရှိန်အဝါ အရမ်းကြီးမားတဲ့ ပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကြီး က သူ့မှာ ငွေသုံးစရာ မရှိတာကို မီဒီယာက ပြောတယ်။ ဆူပူအကြမ်းဖက် လုပ်နေတာတွေကို မလုပ်ကြပါနဲ့လို့ တစ်ခွန်း တစ်ပါဒ မဟခဲ့ဘူး။
ကွာခြားချက်ကို အထင်အရှားမြင်နိုင်ပါတယ်။ ဦးကျော်မြင့်ကို ဖမ်းဆီးထိန်းသိမ်းပြီး ပါတီကို ဖျက်သိမ်းလိုက်ချိန်မှာ NLD လော်ဘီတွေ ရေးသားဖြန့်ဝေတာက ဦးကျော်မြင့်ကပဲ တရုတ်ရဲ့ သူလျှိုလိုလို ဖန်တီးရေးသား ဖြန့်ဝေခဲ့ကြတာတွေ ရှိပါတယ်။ 
ဦးကျော်မြင့်က တရုတ်သွေးပါတယ်။ တရုတ်ရဲ့ သူလျှိုဆိုခဲ့ရင်တောင် ဦးကျော်မြင့်က မြန်မာတိုင်းရင်းသားတွေ သွေးချောင်းစီးမယ့် အဖြစ်မျိုးကို မဖန်တီးခဲ့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီး၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဆိုတဲ့ ဂုဏ်ထူးဝိသေသတွေ အများကြီးနဲ့ အမွှမ်းတင်ထားတဲ့ ပုဂ္ဂိုလ်ကတော့ တိုင်းရင်းသား ပြည်သူတွေ စိတ်ဝမ်းကွဲအောင် ဖန်တီးခဲ့တယ်။ တိုင်းရင်းသားအများစု ကိုးကွယ်တဲ့ ဘာသာ သာသနာကို ပျက်ရယ်ပြု စော်ကားခဲ့တယ်။ သူမကို ထောက်ခံသူတွေ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတော့လည်း ဝမ်းသာအာရ ကြည့်နေနိုင်တယ်။
ဦးကျော်မြင့် နဲ့ ဒေါ်စု ကို နှိုင်းယှဉ်ပြီး ရိုးရိုးရှင်းရှင်း ကောက်ချက်စွဲမယ်ဆိုရင် လူစိတ်ရှိသောသူ နှင့် ရက်စက်ယုတ်မာလွန်းသူ လို့ပဲ နှိုင်းယှဉ်ဖော်ပြရမှာ ဖြစ်ပါတယ်။ လူစိတ်ရှိတဲ့သူက ပြည်သူတွေ ကိုယ့်ကြောင့် သွေးချောင်းစီးမယ့် အဖြစ်မျိုးကို မဖန်တီးဘူး။ လူစိတ်မရှိတဲ့ သူကတော့ ကိုယ့်ကြောင့် ပြည်သူပေါင်းများစွာ သေကျေပျက်စီး ဆုံးရှုံးနေရတဲ့ အခြေအနေမှာတောင် ဟန်မပျက်ခဲ့ပါဘူး။

NLD အစိုးရ ကမ္ဘာကျော် မဲလိမ်မဲခိုးမှုကြီးကို ကျူးလွန်ခဲ့ခြင်းကြောင့် ပြုတ်ကျသွားခဲ့ပါပြီ။ ဦးကျော်မြင့် ယနေ့တိုင်အောင် မလွတ်မြောက်သေးပါဘူး။ ဒီအချိန်မှာလည်း ဦးကျော်မြင့် ဦးဆောင်တဲ့ နှင်းဆီပါတီက ဆူပူအကြမ်းဖက်နေတာ မရှိပါဘူး။ အကျည်းသားအခွင့်အရေး ရဖို့တော့ နစက ဘက်က ဖြေလျှော့ပေးခဲ့တာ ရှိပါတယ်။ NLD အစိုးရလက်ထက်တုန်းကလို CCTV နဲ့ စောင့်ကြည့်နေတာမျိုး မရှိတော့သလို ဧည့်တွေ့ခွင့်၊ ထောင်ဝင်စာ ပေးပို့ခွင့်တွေ ရရှိသွားပါပြီ။ အချို့သော NLD အစိုးက လုပ်ကြံဖန်တီး စွဲဆိုထောင်ချခဲ့တဲ့ အမှုတွေကိုတော့ နစက ဘက်က လွတ်ငြိမ်းခွင့် ပြုခဲ့ပြီးပါပြီ။

NLD ပါတီ ခေါင်းဆောင်က အခု သူ့နောက်လိုက်  အမတ်ဟောင်းတွေ၊ ပါတီဝင်တွေ၊ ထောက်ခံသူတွေဟာ ဥပဒေမဲ့ အကြမ်းဖက် လက်နက်ကိုင် တော်လှန် ပုန်ကန် သတ်ဖြတ်နေတာတွေကို တစ်ခွန်းတစ်ပါဒမှ ဟန့်တားခြင်း မရှိတဲ့အပေါ်မှာ ဒေါ်စုဘာကြောင့် မတားမြစ်သလဲဆိုတာ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က သူ့ရဲ့ ပြောရေးဆိုခွင့်ကို ပိတ်ပင်မထားပါဘူး။ ဒေါ်စုရဲ့ သဘောထားသာ ဖြစ်ကြောင်း၊ သူ့ကို ပြောရေးဆိုခွင့် ပိတ်ပင်ထားခြင်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ပြည်ဖျက်မီဒီယာတွေနဲ့ ဆက်သွယ်ပြီး ဒေါ်စုရဲ့ အကျိုးဆောင်တွေက ပေါက်ကရတွေ ဖန်တီးပြောလာတော့မှသာ ပြောရေးဆိုခွင့် မရှိတော့ခြင်း ဖြစ်ပါတယ်။
နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်လို ဒေါ်စုက သူ့ရဲ့နောက်လိုက် ထမိန်ခြုံတွေကို ဥပဒေ ဘောင်အတွင်းက လှုပ်ရှားဖို့၊ ရပ်တည်ဆောင်ရွက်ဖို့ ဒီနေ့ဒီအချိန်အထိ မပြောကြားခဲ့ပါဘူး။
ဦးကျော်မြင့်မှာ ဒေါ်စုလို နောက်လိုက်အင်အားမကောင်းဘူး။ နိုင်ခြေမရှိဘူး။ သို့ပေသော် ဦးကျော်မြင့် အနေနဲ့ လှုံ့ဆော်တိုက်တွန်းမှုတွေ လုပ်ခဲ့မယ်ဆိုရင် အနည်းနဲ့အများ သွေးမြေကျတဲ့ ဖြစ်စဉ်တွေ ဖြစ်လာမှာပဲ။ ဒေါ်စုနောက်မှာ ထမိန်ခြုံအင်အားကောင်းတယ်။ ဒေါ်စုကလည်း တော်လှန်ပုန်ကန်ဖို့ လှုံ့ဆော်တယ်။ နိုင်သလား။ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ သေကျေပျက်စီးဆုံးရှုံးနေတာ နိုင်နေတာလား။ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်နေတာ တော်လှန်ရေးတဲ့လား။
လက်ရှိအချိန်အထိ ထောင်ထဲမှာ ရှိနေသူချင်း အတူတူ NLD လော်ဘီတွေ သပုတ်လေလွင့် တိုက်ခိုက်စော်ကားခြင်း ခံခဲ့ရတဲ့ ဦးကျော်မြင့်ကြောင့် ပြည်သူတစ်ဦး တစ်ယောက်မှ သွေးမြေမကျခဲ့ပါဘူး။ ဦးကျော်မြင့်ကို အကြောင်းပြုပြီး အကြမ်းဖက်အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာခြင်း မရှိခဲ့ပါဘူး။ လွတ်လပ်ရေးဖခင်ကြီးလို့ တင်စားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဆိုသူကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ဆရာ/ဆရာမတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာ ၃ထောင်ကျော် သွေးမြေကျခဲ့ရပြီ။ ဒါက သူတို့ဘက်က သတ်ခဲ့တဲ့ အခြေအနေ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ် အစရှိသော အကြမ်းဖက်လုပ်ရပ်များ လုပ်နေခြင်းကြောင့် တပ်မတော်က နှိမ်နင်းလိုက်ရတဲ့ အခြေအနေ၊ ဗုံးခွဲဖို့ မိုင်းထောင်ဖို့ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားရင်း ကိုယ့်လက်နက်နဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတဲ့သူတွေ သူတို့တွေရဲ့ မှတ်တမ်းများ ထုတ်ပြန်ချက်အရ ၂ထောင်ကျော် ပြီတဲ့။
ပြည်သူတွေ သွေးမြေကျအောင် ဖန်တီးခဲ့တဲ့ သူတွေ ဘယ်တွေ ရောက်ကုန်ကြပြီလဲ။ ဘယ်ဆီကို ပြေးကုန်ကြပြီလဲ။ အားလုံး သိပြီးသားပါ။ သူတို့ ဘေးလွတ်ရာကို ရောက်တဲ့အချိန်မှာတောင် ပြည်သူတွေ အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ အသောမသတ်နိုင်အောင် လှုံ့ဆော်နေကြဆဲပဲ မို့လား။ ထပ်ပြီး သတ်ကြအုံးမလို့လား။ ထပ်ပြီး သေကြအုံးမလို့လား။ ဘယ်သူ့အတွက် ခင်ဗျားတို့ သတ်နေတာလဲ။ ဘယ်သူ့အတွက် ခင်ဗျားတို့ အသေခံနေကြတာလဲ။ တစ်နှစ်ကျော်ကြာ ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ ရလာဒ်ကဘာလဲ။ သေကျေပျက်စီး ဆုံးရှုံးမှုတွေသာ ရလိုက်တဲ့ ရလာဒ်မျိုးဟာ ခင်ဗျားတို့ တော်လှန်ရေးကြီးရဲ့ အောင်မြင်မှုတဲ့လား။

နောင်တော်လေး (ဘိုကလေး)

Post a Comment

Previous Post Next Post