“တရုတ်နဲ့ဂျပန် ဘာကြောင့် အမေရိကန် ဘွန်းတွေ ရောင်းထုတ်ကြသလဲ”

“တရုတ်နဲ့ဂျပန် ဘာကြောင့် အမေရိကန် ဘွန်းတွေ ရောင်းထုတ်ကြသလဲ”
 

တရုတ်ပြည်က ကိုင်ထားတဲ့ အမေရိကန် ငွေတိုက်စာချုပ်တွေဟာ ၁၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁ ထရီလီယံအောက်ကို ရောက်သွားပါပြီ။ 
  ဒီလိုလျော့ကျလာမှုဟာ ၂၀၂၁ ခုနှစ်အစောပိုင်းကတည်းက စခဲ့တာဖြစ်ပြီး၊ အခုမေလ စာရင်းအရ ‌ဒေါ်လာ ၉၈၀.၈ ဘီလျံဘိုးသာ ကျန်ပါတော့တယ်။ ဧပြီလ တလထဲမှာ ၂၃ ဘီလျံဒေါ်လာဘိုး လျော့ကျသွားတာဖြစ်ပြီး၊ ဒီနှစ်အစပိုင်းကနေ ယခုမေလအထိဆိုရင် ဒေါ်လာ ဘီလျံ ၁၀၀ ဘိုးလောက် လျော့ကျသွားတာဖြစ်ပါတယ်။
       အမေရိကန် ဗဟိုဘဏ်က ၁၉၈၁ ခုနှစ်နောက်ပိုင်း အမြန်ဆုံးနှုန်းနဲ့ ဖေါင်းပွလာနေတဲ့ ငေွကြေးဖေါင်းပွမှုကို ထိန်းချုပ်ဖို့ အတိုးနှုန်းတွေ မြှင့်တင်ခဲ့ပြီးတဲ့နောက်မှာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်တဲ့ လဲနှုန်းအရ တရုတ်ယွမ်က ၃.၈ % ၊ ဗြိတိသျှ ပေါင်က ၄.၃၅ % ၊ ယူရိုငွေက ၄.၇  % နဲ့ ဂျပန် ယန်းက ၆.၂ % အသီးသီးကျဆင်းခဲ့ပါတယ်။
         မာလာနေတဲ့ ဒေါ်လာနဲ့ယှဉ်ရင် ကျဆင်းလာနေတဲ့ မိမိတို့ ယွမ်ငေွနဲ့ ယန်းငွေတွေကို ပြန်ဝယ်ဖို့ တရုတ်နဲ့ ဂျပန်တို့ဟာ ငွေတိုက်စာချုပ်တွေကို လျှော့စျေးနဲ့ ရောင်းထုတ်ရတာပါ။ ဒီလို ပြန်မဝယ်နှိုင်ရင် မိမိတို့ရဲ့ငွေတန်ဘိုး အရမ်းထိုးဆင်းသွားမှာဖြစ်ပါတယ်။ 
     အတိုးနှန်းတွေမြင့်တဲ့ကာလမှာ အချိန်မတိုင်မီရောင်းထုတ်တဲ့ ငွေချေးစာချုပ်တွေရဲ့ စျေးနှုန်းတွေက ကျဆင်းတာက ဓမ္မတာပါ။ အဓိပ္ပာယ်က ငွေချေး စာချုပ်တွေကို သတ်မှတ်အချိန် မတိုင်မီထုတ်ရောင်းကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စျေးလျှော့ရောင်း ကြရလို့ အရင်းအနှီးဆုံးရှုံးမှုတွေ ဖြစ်ကြရပါတယ်။ 
          အမေရိကန်ငွေချေးစာချုပ်တွေကိုင်ထားတဲ့ တခြားနိုင်ငံခြားကြွေးရှင်တွေနဲ့စာရင် တရုတ်ရဲ့ လျှော့ချမှုက ညင်ညင် သာသာရှိပါတယ်။ ဉပမာ ဂျပန်ဆိုရင် မတ်လအတွင်း လျှော့ချလိုက်တဲ့ ပမာဏက ၇၃.၉ ဘီလျံဒေါ်လာ တောင်ရှိ တာမို့ နိုင်ငံခြား ကြွေးရှင်တွေထဲမှာ အများဆုံးလျှော့ချသူဖြစ်ပါတယ်။ ဒါက ဒေါ်လာနဲ့ယှဉ်ရင်ကျဆင်း လာနေတဲ့ ယန်းကို ပြန်ဝယ်ယူကာကွယ်ဖို့ ခပ်ကြမ်းကြမ်းလေးလှုပ်ရှားလိုက်ရတဲ့သဘောလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
      “ တရုတ်ရဲ့ ဆန္ဒအမှန်က ဒီလိုတန်ဘိုးကျမှုကို အကန့်အသတ်တခုနဲ့ ထိန်းသိမ်းထားချင်တာပါ။  စာချုပ်တွေ   စျေးလျှော့ ထုတ်ရောင်းပြီး ယွမ်ကို ပြန်ဝယ်တဲ့ နည်းပါ။ အမေရိကန်ရဲ့ ငွေတိုက်စာချုပ် အများဆုံးဝယ်ယူသူ က ဒီလိုတုန့်ပြန်တဲ့အတွက် စီးပွားရေးအေးသွားအောင် အတိုးနှုန်းတွေမြှင့်တင်လိုက်တဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ ကြိုးပမ်းမှုကို မီးထိုးပေးသလို ဖြစ်စေမှာပါ။ ဒါပေမဲ့ ဒါက ဗဟိုဘဏ် ပေါ်လစီမိတ်ကာတွေ မလိုလားတဲ့ ပိုမိုတင်းကြပ်တဲ့ ဘဏ္ဍာရေးအခြေအနေတခုဆီကို ဉီးတည်စေနှိုင်ပါတယ်။
      ဒေါ်လာ နယ်ပယ်ကနေ အဝေးကို ထွက်ပြေးဖို့ ဆိုတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ အခြေခံအကျဆုံး ပြဿနာက ထရီလီယံနဲ့ ချီရှိတဲ့ ဒေါ်လာတွေကို ခင်ဗျားဘယ်လိုလုပ်မှာလဲဆိုတာပါ။ ဒေါ်လာ ၁ ထရီလီယံကို အေးအေးဆေးဆေးရောင်းထုတ်ပေးနှိုင်တဲ့ စျေးကွက်အများကြီးမရှိပါဘူး။ 
   တရုတ်က ဒေါ်လာနယ်ပယ်ကနေ ထွက်သွားချင်တဲ့ အဓိကပြဿနာက နိုင်ငံရေးအရပါ။ “ သူတို့က ကမ္ဘာ တလွှားမှာ အမေရိကန်က ဘဏ္ဍရေး အရ ကန့်သတ်အရေးယူတာတွေလုပ်နေတာကို မကြိုက်ပါဘူး” 
   ဉပမာ ရုရှားဘဏ်အတော်များများကို SWIFT လို နိုင်ငံတကာ ငွေပေးချေရေး စနစ်ကနေဖယ်ထုတ်လိုက်တာ မျိုးကိုပါ။ ဒီကိစ္စက တရုတ်နဲ့ တခြားတိုင်းပြည်တွေကို သတိပေးခေါင်းလောင်းထိုးလိုက်သလိုပါဘဲ။ သူတို့ရဲ့ စီးပွားရေးကို ထိခိုက်အောင်၊  SWIFT စနစ် ကို နိုင်ငံရေးလက်နက်အဖြစ်အသုံးပြုလာနှိုင်တယ်ဆိုတာ သိလာပါ တယ်။ အမေရိကန် ဒေါ်လာနယ်ပယ်ကနေ ခပ်ကင်းကင်းနေထိုင်ဖို့ကတော့ မလွယ်လှပေမဲ့၊ အမေရိကန်အကြွေး တွေကနေ ခပ်ကင်းကင်းနေဖို့က ဖြေးဖြေးနဲ့ မှန်မှန်တော့ ဖြစ်လာလိမ့်မယ် လို့ The American Institute for Economic Research က Thomas Hogan  က ယုံကြည်နေပါတယ်။
    ကမ္ဘာပေါ်က ဗဟိုဘဏ်အသီးသီးဟာ သူတို့ရဲ့ အမေရိကန်ဒေါ်လာ အရန်ငွေပမာဏကို လျှော့ချနေကြပါတယ်။  တကိုယ်တော်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနဲ့  ပထဝီနိုင်ငံရေး ပဋိပက္ခတွေက ဒီရေစီးကြောင်းကို အရှိန်မြှင့်ပေးနေပါတယ်။  ဒီလိုနည်းနဲ့ အမေရိကန်ဒေါ်လာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဗိုလ်ကျစိုးမိုး ‌‌ရေးဟာ အန္တရာယ် ကျရောက်နေပြီ လို့ အဲဗား ဘရိုက် ဘဏ်က မက္ကရို စီးပွားရေး လေ့လာသုံး သပ်သူ ကျိုး‌မောက်ဟွာ (Zhou Maohua)  ကဆိုပါတယ်။

                                                                ရဲထွန်း (သီပေါ)

Post a Comment

Previous Post Next Post