ငြိမ်းချမ်းရေးကော်မတီနှင့် အပစ်ရပ် ၇ ဖွဲ့ တွေ့ဆုံဆွေးနွေးမည်

နစက ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ အပစ်ရပ် လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က ကမ်းလှမ်းထားတဲ့အပေါ်တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက One News ကို ပြောပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောထားတွေ နဲ့ သဘောတူညီချက်တွေရရှိနိုင်ရေး ကြိုးပမ်းသွားဖို့ ဆန္ဒရှိတာနဲ့အညီ အဆင့်လေးဆင့်နဲ့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးဖို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဘက်က အဆိုပြုထားတာဖြစ်ပါတယ်။

အလွတ်သဘောဆွေးနွေးပွဲတွေကို လာမယ့် ဒီဇင်ဘာ ၁၂ ရက်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကိုယ်စားလှယ် အနည်းငယ်နဲ့ စတင်မယ်လို့ အဆိုပြုထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီဇင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်မှာ တောင်ကြီးမြို့ ဒါမှမဟုတ် မော်လမြိုင်မြို့မှာ နှစ်ဖက် ကိုယ်စားလှယ်စုံညီစွာနဲ့ အလွတ်သဘောတွေ့ဆုံပြီး နှစ်ဖက်သဘောထားတွေကို ညှိနှိုင်းဆွေးနွေးသွားမယ်လို့လည်း အဆိုပြုချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၂၀ ရက် နဲ့ ၂၁ ရက်မှာ ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးမှုတွေလုပ်ပြီး နောက်ဆုံးအဆင့် အနေနဲ့ နှစ်ဖက်သဘောတူညီချက်တွေကို သင့်တော်တဲ့ အချိန်နဲ့ နေရာမှာ တရားဝင် လက်မှတ်ရေးထိုးသွားမယ် လို့လည်း အဆိုပြုချက်အရသိရပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ခိုင်မာတဲ့ အဆင့်တစ်ဆင့် ရရှိအောင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီ (NSPNC) နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင် ၇ ဖွဲ့ကတော့ RCSS ၊ NMSP ၊ DKBA ၊ KNU/KNLA (PC) ၊ LDU ၊ PNLO နဲ့ ALP အဖွဲ့တွေပဲဖြစ်ပါတယ်။

Post a Comment

Previous Post Next Post