လျှပ်စစ်ဓာတ်အား အလှည့်ကျပေးနေရသည့်အကြောင်းအရင်းကို YESC ထုတ်ပြန်"


"ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း အတွက် စက်မှုဇုန်များကို ဦးစားပေးဓာတ်အားဖြန့်ဖြူးပေးထားသည်ဟုဆို"

ယခုကာလတွင် မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဓါတ်အားစနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်း၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအချို့ ပြင်ဆင်ထိန်းသိမ်းလျှက်ရှိခြင်းနှင့် လာမည့်နွေရာသီကာလ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေလှောင်တမံများရှိ သိုလှောင်ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်ဘဲ မြန်မာနိုင်ငံတဝှမ်းလုံးရှိအများပြည်သူများအား အလှည့်ကျ ဝန်အားလျှော့ချဓာတ်အားဖြန့်ဖြူးပေးနေရခြင်းဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် နေ့စဉ်နံနက် (၀၉:၀၀) နာရီမှ ညနေ(၅:၀၀)နာရီအတွင်း အုပ်စုခွဲ၍ အလှည့်ကျ ဓာတ်အားဖြန်ဖြူးပေးနေရပြီး နေ့ပိုင်းအချိန်အတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း အတွက် စက်မှုဇုန်များကို ဦးစားပေးဓာတ်အားဖြန့်ဖြူးပေးထားကြောင်းနှင့် ညနေ (၀၅:၀၀) နာရီမှ နောက်တစ်နေ့ နံနက်(၀၉:၀၀) နာရီအထိ ဓာတ်အားစနစ်မှခွဲဝေရရှိသည့် လျှပ်စစ်စွမ်းအင်ပမာဏကို အများပြည်သူထံအတတ်နိုင်ဆုံး မျှတအောင် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဆေးရုံများ၊ တက္ကသိုလ်ကျောင်းများ၊ဘုရားစေတီများနှင့် အရေးကြီးဌာနဆိုင်ရာများအား တတ်အားသမျှ ၂၄နာရီ ဓါတ်အားဖြန့်ဖြူးပေးနိုင်ရန်စီမံပေးထားပြီး ယင်းကဲ့သို့ မျှတ ဓာတ်အား ဖြန့်ဖြူးနေစဉ်ကာလအတွင်း ဓာတ်အားစနစ် အတွင်းရှိ ဓာတ်အားလိုင်းများ ချို့ယွင်းခြင်း၊ ဓာတ်အားထုတ်စက် (Generator) များ ချို့ယွင်းခြင်းတို့ကြောင့် နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်မှုပျက်ပြားပြီး System Breakdown ဖြစ်ပေါ်ခြင်းမှကာကွယ်နိုင်ရန် အရေးပေါ်ဝန်အား လျှော့လျက်ဓာတ်အားပိတ်ရခြင်းဖြစ်ကြောင်းလည်း အသိပေးထားသည်။ 

YESC အနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်ကခွဲဝေရရှိလာသော လျှပ်စစ်ဓါတ်အားများကို ပြည်သူများထံသို့ စနစ်တကျ မျှတစွာ ဖြန့်ဖြူးနိုင်ရေးအတွက် မိမိတို့လျှပ်စစ်၀န်ထမ်းများက နေ့မအားညမနားစေတနာထား ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မမျှော်လင့်ဘဲ ပစ္စည်းများ ချို့ယွင်းခြင်းကြောင့်အရေးပေါ်ပြုပြင်ရမည့်ကိစ္စများပေါ်ပေါက်လာပါကလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကိုလည်း အဆိုပါ YESC က အသိပေးထုတ်ပြန်ထားသည်။
#mhtnews

Post a Comment

Previous Post Next Post