ဓာတ်အားပေးစက်ရုံနှင့်ခွဲရုံများ ဖောက်ခွဲခံရမှု အကြိမ်(၂ဝဝ)ကျော်ရှိနေပြီး ပြန်လည်ပြုပြင်ချိန်တွင် တိုက်ခိုက်ခံရမှုကြောင့် ဝန်ထမ်း (၂ဝ)နီးပါး သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနထုတ်ပြန်

ဓာတ်အားပေးစက်ရုံများ အပါအဝင် ဓာတ်အားခွဲရုံများ ဖောက်ခွဲပစ်ခတ်ခံရမှုအကြိမ်(၂ဝဝ) ကျော် ရှိနေပြီး ပြန်လည်ပြုပြင်ချိန်တွင် တိုက်ခိုက်ခံရမှုကြောင့် ဝန်ထမ်း (၂ဝ)နီးပါးသေဆုံးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ နိုဝင်ဘာလ(၃ဝ)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အကြမ်းဖက်သမားများ၏ လုပ်ကြံပစ်ခတ်ခံရမှုကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့လျှပ်စစ်ရုံး၌ တာဝန်ထမ်းဆောင်နေသည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ပြီးခဲ့သည့် နိုဝင်ဘာလ (၂၉) ရက်၊ ညနေပိုင်းတွင် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် နိုဝင်ဘာလ(၂၈)ရက်တွင် (၂၃ဝ)ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းအား အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့(၁၃)မြို့တွင် ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့တွင် မကွေးတိုင်း၊ ကျွန်းချောင်းရှိ (၂ဝ ဒသမ ၅၄) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးအင်ဂျင်စက်ရုံမှ ဝန်ထမ်းများအား အကြမ်းဖက်သမားများက ခြိမ်းခြောက်ငွေတောင်းခံခြင်းများပြုလုပ်ပြီး ငွေမပေးပါက အသက်အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ခဲ့ရာ နိုင်ငံခြားသား ဝန်ထမ်းများ ထွက်ခွာခဲ့ခြင်းကြောင့် ဓာတ် အားပေးစက်ရုံရပ်တန့်ခဲ့ပြီး ဓာတ်အားထုတ်လုပ်မှု လျော့နည်းမှုများ ဖြစ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ဆိုထားသည်။
အကြမ်းဖက်များသည် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများအား လုပ်ကြံပစ်ခတ်မှု(၂၄)ကြိမ်ပြုလုပ်ခဲ့ပြီး ဓာတ်အားပေးစက်ရုံ၊ ဓာတ်အားခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများကို ဝင်ရောက်ဖောက်ခွဲဖျက်ဆီးမှု (၂ဝ၉)ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းခွဲဖျက်ဆီးမှုများအနေဖြင့် မဟာဓာတ် အားလိုင်းတာဝါ(၄၈)တိုင်နှင့် ဖြန့်ဖြူးရေးလိုင်း(၄၉)တိုင်တို့ကို ဖျက်ဆီးဖောက်ခွဲခဲ့ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား(၁၆ဝ)မဂ္ဂါဝပ်ခန့် လျော့နည်းခဲ့ကာ အချို့နေရာများတွင် ပြုပြင်မှုများ မပြုလုပ်နိုင်သဖြင့် ဓာတ် အားဖြန့်ဝေနိုင်ခြင်းမရှိသေးကြောင်း ဝန်ကြီးဌာနမှဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအား အကြိမ်ကြိမ်ပြုပြင်မှုများ ဆောင်ရွက်ခဲ့ပြီး ပြုပြင်နေစဉ် နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် ဝန်ထမ်း (၁၉)ဦး သေဆုံးခဲ့ပြီး (၅၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
သို့သော်လည်း သက်ဆိုင်ရာနယ်မြေများရှိ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ ပြုပြင်ရေးလုပ်ငန်းများကို အကြိမ်ကြိမ်ဆက်လက်လုပ်ဆောင်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

Post a Comment

Previous Post Next Post