နစက လက်ထက်တွင်မြန်မာမှထွက်ခွာရန် ပထမဆုံးအ​ကြောင်းကြားခံရ​သော တီမောနိုင်ငံသံရုံးတာဝန်ခံ


နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေမည့် လုပ်ရပ်များကို သတိပေးထားသည့်ကြားက လုပ်ဆောင်​နေသည့် အတွက်တီမောလက်စ်တေ သံရုံးမှ သံရုံးယာယီ တာဝန်ခံအား စက်တင်ဘာ (၁) ရက် နောက်ဆုံးထား ထွက်ခွာရန် မြန်မာအစိုးရက အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ယင်း အကြောင်းကြားစာကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ (၂၅) ရက်က သံတမန်နည်းလမ်းဖြင့် စာပို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဩဂုတ်လ (၂၇) ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တီမောနိုင်ငံအစိုးရသည် မြန်မာ − တီမော နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်ဖြစ်သည့် NUG နှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ အဆင်အခြင်မဲ့သော လုပ်ရပ်များမှာ နှစ်နိုင်ငံအကြားရှိ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိခိုက်စေသည့်အပြင် NUG မှ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဆောင်ရွက်ချက်များ ပိုမိုလုပ်ဆောင်စေရန် အားပေးအားမြှောက်ပြုရာလည်းရောက်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေ အစိုးရ၏ ပြောကြားချက်နှင့် လုပ်ဆောင်ချက်များအား ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

မြန်မာအစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ (၈) ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် ကြေညာထားခြင်း ဖြစ်သည်။

Post a Comment

Previous Post Next Post