အကြမ်းဖက် စစ်သွေးကြွတွေ ဖျက်ဆီးပိတ်ဆို့ထားတဲ့ လမ်းနေရာအချို့ ပြင်ဆင်ပြီးလို့ ကျောက်မဲမြို့အထိ သွားလာနိုင်ပြီဟုဆို


TNLA နှင့် PDF အပါအဝင် အကြမ်းဖက် စစ်သွေးကြွများ ဖျက်စီးပိတ်ဆို့ထားသည့် ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်ရှိ နေရာ ၁၂ နေရာတို့ကို ပြန်လည်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ကြောင်း နစကထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် ၁ နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီးတွင် ၁ နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် ၁ နေရာ၊  ဂုတ်တွင်းရှုခင်းသာအနီးတစ်ဝိုက်တွင် ၁ နေရာ၊ နောင်ပစ်လမ်းခွဲ နေရာတွင် ၁ နေရာ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာကြား နေရာတစ်ဝိုက်တွင် ၇ နေရာတို့၌ မြေဖြတ်ကျင်းများတူး၍ လမ်းအား ဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ လမ်းပိတ်ဆို့ဖျက်ဆီးထားသည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၆ ရက်နေ့မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများကို ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများ ပိတ်ဆို့ဖျက်ဆီးထားသည့်နေရာ ၁၂ နေရာတို့ကို ပြန်လည်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အလားတူ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ကျန်ရှိသည့်နေရာများကိုလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းမကြီးများကို ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post