လီကျားဝင်း ဖြေတယ်...သို့သော်...


xxxxxxxxxxxxxxxxxxxxxxxxxx
၁။  မနေ့က တွေ့လိုက်ရတဲ့ MNDAA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းနဲ့ သက်ထွေးနိုင် တို့ရဲ့ အင်တာဗျူးကို ကြည့်လိုက်တာနဲ့ တပ်မတော် ဘာဆက်လုပ်မလဲ ဆိုတဲ့ မေးခွန်းတွေ တသီကြီးရှိလာတာတွေ့ရတယ်။ အင်တာဗျူးအမေးအဖြေတွေထဲ မှာ ကိုးကန့်ဒေသကို ပြည်နယ်အနေနဲ့ အဆင့်ထပ်တိုးဆောင်ရွက်ဖို့ရှိသလား၊ ဒါ့မှမဟုတ် အထူးဒေသအနေနဲ့ သွားမှာလားဆိုတဲ့ မေးမြန်းမှုအပေါ်မှာ အထူးဒေသအနေနဲ့ပဲ ဆက်သွားမယ်လို့ဖြေခဲ့တာ တွေ့ရတယ်။ ဒါကလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ဖြေသလိုပဲ။ ဒီကိုးကန့်နယ်တွေက အရင်တပ်မတော်အစိုးရ အုပ်ချုပ်စဉ်ကတည်းက အထူးဒေသတွေပေးပြီးအုပ်ချုပ် ထားစေခဲ့တယ်။ နောက်ပိုင်း.... မျိုးနွယ်နှစ်စု အာဏာ နယ်မြေလုပ်တာတွေ၊ နိုင်ငံတကာ မှာ မူးယစ်ဆေးထုတ်တဲ့ ဒေသအဖြစ်နဲ့ နာမည်ထွက်လာနိုင်စေတဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်စက်ရုံထုတ်လာတာတွေရှိလာတာ နဲ့ ပတ်သက်ပြီး ၂၀၁၅ နဲ့ ၂၀၁၇ တွေမှာ တပ်မတော်က ဝင်ရောက်ထိမ်းသိမ်းခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။ ကိုးကန့်နယ်မြေဟာ အထူးဒေသဖြစ်လို့ ကိုးကန့်လူမျိုးတွေ အုပ်ချုပ်ခွင့်ရတာ မဆန်းဘူးဆိုပေမယ့် တပ်မတော်စခန်းတွေကို ဖယ်ရှားရှင်းလင်းပြီး တစင်ထောင်တာကတော့ ထူးဆန်းတယ် လို့ဆိုလို့ရတယ်။
---------------
၂။  အင်တာဗျူးမှာ ပါသလိုပဲ။ ဒီစစ်ပွဲဟာ ကိုးကန့်မဟာမိတ်တပ်ဖွဲ့တွေရဲ့ သီးသန့် စစ်ဆင်ရေးလို့ဖြေခဲ့တာတွေ့ရတယ်။ တချို့သော နိုင်ငံရေး သုတေသီတွေက ဒီစစ်ပွဲမှာ တရုတ် မပါဘူး။ တချို့သော ပြည်တွင်းဆန္ဒပြမှုတွေဟာ တရုတ်-မြန်မာသွေးကွဲရေး ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပေမယ့် ကိုယ်တစ်ဦးတည်း သီးသန့်အမြင်အရဆိုရင်တော့ တရုတ်မပါဘဲ ဒီစစ်ပွဲ စဖို့မဖြစ်နိုင်ဘူး။ တကယ်လို့ တရုတ်မပါဘဲ “စ”ခဲ့ရင်တောင် တရုတ်-မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်နဲ့ချင်းရွှေဟော်ကို အဓိက ထိန်းချုပ် နိုင်ရေးအထိ ဆောင်ရွက်လာတဲ့အပေါ်မှာ (တနည်းအားဖြင့်) မူဆယ်-လားရှိုးရထားလမ်း၊ ရခိုင်-ကျောက်ဖြူ စီမံကိန်းတွေအထိ  “ပိုးလမ်းမနဲ့ ရပ်ဝန်းစီမံကိန်းတွေ”ရှိနေတဲ့ အဓိက လမ်းမကြီးပေါ်မှာ ကာလအတော်အတန်ကြာထိ ဖြစ်နေမယ့် စစ်ပွဲတွေကို တရုတ်က ဘာကြောင့် ဖြစ်ခွင့်ပြုနေတာလဲဆိုတဲ့ မေးခွန်းတွေကို မေးကြည့်မှ ဖြစ်လိမ့်မယ်။ ကျားဖြန့် ကြောင့်ပါလို့ ဆိုရအောင်လည်း ဒီစစ်ပွဲတွေဟာ အခန့်မသင့်ရင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ တရုတ်ဗဟိုအစိုးရက မတွေးဘဲ မနေဘူးလို့ ထင်မိတယ်။
---------------
၃။ တရုတ်-မြန်မာ ပူးပေါင်းစစ်ဆင်ရေးအတွက် အင်အား ၇၀၀ ပါတဲ့ တရုတ်ရေတပ်လည်း မြန်မာနိုင်ငံကို ရောက်နေခဲ့တာတွေ့ရတယ်။ ကိုယ့်အမြင်ကပဲ သိပ်ကို Negative  ဆန်နေသလားတော့မပြောတတ်ဘူး။ အရပ်စကားနဲ့ပြောရင် ရုရှားနဲ့ Close ဖြစ်လာတဲ့ တပ့်ကို အကြောလျော့တယ်လို့ပဲ မြင်မိတယ်။ တစ်ခုတော့ရှိတာပေါ့။ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆိုတဲ့  ဒီ Image အပေါ်မှာ Base ယူပြီး နယ်စပ်ဒေသက ဖြစ်ပေါ်နေတဲ့ ဒီတိုက်ပွဲတွေကို ပြတ်ပြတ်သားသား ပြန်လုပ်ရင်တော့မပြောတတ်ဘူး။ ဒါပေမယ့်...။ အင်တာဗျူးမှာကတည်းက အဖြေက ပါနေပြီးသားတွေ့ရတယ်။ MNDAA က ဖြေထားတာ ရှင်းတယ်။ တပ်နဲ့ စေ့စပ်ဆွေးနွေးဖို့မရှိဘူး။ ကိုးကန့်ဒေသကို အထူးဒေသအနေနဲ့ ဆက်သွားမယ်။ တပ်က လာတိုက်ဖို့ ပြင်နေရင်လည်း ခံစစ် ပြင်ထားတယ်။ အချိန်မရွေးဘူး ဆိုတဲ့ မျက်နှာပေးပဲ။
---------------
၄။ ရှမ်းမြောက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုယ်စိတ်ပူတာ နှစ်ချက်ပဲရှိတယ်။ စစ်ရေးဘက် က ကြည့်မယ်ဆိုရင် တပ်မတော်ရဲ့ စခန်းတွေ အများအပြားလက်လွှတ်ခဲ့လိုက်ရတာ တွေ့ရှိ တယ်။ ကုန်သွယ်ရေးဇုန်က ရဲတွေလည်း အသတ်ခံထားရသလို တချို့မြို့ကြီးတွေ သိမ်းခံရတာတွေရှိတယ်။ ကိုးကန့်ဒေသကို ကိုးကန့်လူမျိုးတွေကို အုပ်ချုပ်ဖို့ ဒီမိုကရေစီ နည်းလမ်းကျ ဗဟိုက ခွင့်ပြုထားတာမျိုးဆိုရင် ခံသာ သေးတယ်။ ခုက သိမ်းယူထားတာ။   နောက်တစ်ခုက နိုင်ငံရေးရှု့ထောင့်က ကြည့်မယ်ဆိုရင် “ဝ”လို အချိုးမျိုးချိုးလာနိုင်တယ်။ ပြည်ထောင်စုကနေ ခွဲမထွက်ဘူး။ အေး... ငါလည်း ငါလုပ်ချင်ရာ လုပ်မယ်ဆိုတဲ့အချိုးမျိုး။ ဗိုလ်ချုပ် ဇော်မင်းထွန်း အင်တာဗျူးမှာ ဖြေသလိုပဲ။ နယ်စပ်ဒေသမှာရှိတဲ့ “ဝ”နဲ့ ကိုးကန့် လက်နက်ကိုင်တွေရဲ့ စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ က ပြည်တွင်းမှာ မရှိဘူး။ တကယ်လို့ တရုတ်သာ ကျားဖြန့် ဂိုဏ်းကို ရှင်းချင်သပဆိုရင် ဒီလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သူ့နိုင်ငံ မှာ စိစစ်ကန့်သတ်လိုက်ရုံနဲ့ ထိန်းချုပ်လို့ မရနိုင်ဘူးလားဆိုတဲ့ မေးခွန်းတွေပဲ။ ခုလည်း တပ်မတော်ဘက်က စခန်းတွေ အများအပြား ဆုံးရှုံးထားချိန်မှာ စစ်ပွဲတွေ ရပ်ဆိုတဲ့အသံမျိုးထွက်လာတာ မရိုးရှင်းဘူး။
-------------------
၅။  တကယ်တော့ မနေ့က တွေ့တဲ့ အင်တာဗျူးက လီကျားဝင်းကို မေးခဲ့တာဆိုပေမယ့် တပ်ကို ဖြေခိုင်းတာနဲ့ အတူတူပဲ။
#တပ်နဲ့ စေ့စပ်ဆွေးနွေးဖို့မရှိဘူး။
#အထူးဒေသအနေနဲ့ ဆက်သွားမယ်။
#လာတိုက်ရင်လည်း ပြန်တိုက်ဖို့ပြင်ဆင်ထားပြီးဖြစ်တယ်။

ဆိုတော့.... ကိုးကန့်က လွတ်မြောက်ဒေသအဖြစ်နဲ့ ကြွေးကြော်လိုက်တာလားလို့ မေးရတော့မယ်။



(နရီမိုး)

Post a Comment

Previous Post Next Post