တရုတ်နိုင်ငံအနေဖြင့်မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်ရပ်တည် လျက်ရှိနေဟုဆို


တရုတ်က မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ် ရပ်တည်လျက်ရှိနေပြီး တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် စစ်ရေးလေ့ ကျင့်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
-
ယင်းကြောင့် ယခုကာလတွင် တရုတ်ဆန့်ကျင်ရေးများ ပြုလုပ်ရန်မသင့်ကြောင်းလည်း အကြံပြုပြောဆို နေသူများရှိနေကြောင်း စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းကပြောဆိုနေကြသည်။
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ပိုင်းစစ်ဒေသကြီး၏ပုံမှန် စစ်ရေး လေ့ကျင့်မှုကို နိုဝင်ဘာလ (၂၅)ရက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသ၌ နှစ်နိုင်ငံ နယ်ခြားဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံရေးချမ်းရေးအတွက် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံဘက်ကို အ ကြောင်းကြားထားကြောင်း သိရသည်။
-
“တရုတ်နိုင်ငံရဲ့ မူဝါဒက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာ ရပ်တည် လျက်ရှိပြီး မြန်မာ့တပ်မတော်နဲ့အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်သွားမယ်လို့ အကြောင်းကြားလာပါတယ်” ဟု  နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
-
မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး မူကြီး ငါးရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
-
“ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်(ရေ)ရဲ့ ရေတပ်စစ်သင်္ဘောများလည်း ချစ်ကြည်ရေးခရီး မြန်မာ နိုင်ငံကို လာရောက် လည်ပတ်လျက်ရှိပါတယ်။ တရုတ် - မြန်မာနှစ်နိုင်ငံ တပ်မတော်၏ ပူးပေါင်း ဆောင်ရွက်မှုသည် ခိုင်မြဲလျက်ရှိကြောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်လျက်ရှိကြောင်း ပြောကြား လိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
-
တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် တန်မင်းဆက်နှင့် ပျူနိုင်ငံမှ ယနေ့အထိ ရှည်လျားသော သမိုင်းကြောင်းရှိခြင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား အိမ်နီးချင်းကောင်း၊ ချစ်ကြည်ရင်းနှီးမှု၊ ပံ့ပိုးကူညီမှု၊ နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် လိုက်နာဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မည် သည့်နည်းဖြင့်မျှ ဝင်ရောက်စွက်ဖက်မှုမရှိခြင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ် ကုမ္ပဏီများသည် နိုင်ငံ၏အခွန်ငွေနှင့် မြန်မာလူမျိုးများအတွက် အလုပ်အကိုင်များ ဆောင်ကြဉ်းပေး၍ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးရှိစေခြင်းစသည်တို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရေရှည် ကြည့်ရှု၍ တရုတ်ဆန့်ကျင်ရေးကို မပြုလုပ်စေလိုကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။
-
“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရင် ပြည်တွင်းက အလုပ်သမားတွေ ပြည်ပကို ထွက်ပြီး အလုပ်သွားလုပ်ဖို့ မလိုတော့ဘူး၊ တရုတ်နိုင်ငံအနေနဲ့ တိုင်းပြည်ကောင်းမွန်စေသည့် ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို ကြည့်ရှုရင် သိနိုင်ပါတယ်။ အားလုံးကတော့ အကျိုးအမြတ်အတွက် လုပ်ကြတာဆိုပေမဲ့ မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးက တရုတ်ဖြစ်နေတာကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းကို ရစေလိုတာကိုတွေ့ရမှာပါ၊ ဒါကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်တာမျိုး မလုပ်စေချင်တာဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် ခင်မင်ရင်းနှီးကြတဲ့ ဆွေမျိုးတွေဖြစ်တယ်ဆိုတာ သမိုင်းမှာ အတိအလင်း ရှိနေတာပါ။ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို လှုံ့ဆော်ဖန်တီးတဲ့သူတွေ၊ အဖွဲ့အစည်း တွေမှာ မကောင်းတဲ့ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေကြသလဲဆိုတာ မေးခွန်းထုတ်မိပါတယ်”ဟု သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
-
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း MMDAA ၊ TNLA၊ AA တို့ အနေဖြင့် တပ်မတော်အပေါ် အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ကျောက်မဲမြို့နယ်ရှိ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးစခန်းကို ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ယင်းမှာ မြန်မာ-တရုတ်နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ဆက်ဆံရေးကို ထိခိုက်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
-

“ကျွန်တော်တို့ အနေနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းကို ရင်ဆိုင်နေရချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကူညီဖေးမမှုကို လိုအပ်ပါတယ်။ အာဆီယံဒေသတွင်းမှာတောင် အနောက်အုပ်စုရဲ့ သြဇာခံနိုင်ငံတွေရဲ့ ရန်လိုခြင်းကို ခံနေရတဲ့ အချိန်မျိုးမှာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲ့ဆက်ဆံရေးဟာ အထူးကောင်းမွန်နေမှသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။ ရှမ်းပြည်(မြောက်ပိုင်း)မှာ ဖြစ်ပေါ်ခဲ့တဲ့ တရားမဝင်လောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းလိမ် လည်မှုတွေနဲ့ပတ်သက်လို့  တရုတ်ဘက်က အလေးထားပြီး ပြောဆိုခဲ့တဲ့ အပေါ်မှာ မြန်မာနိုင်ငံဘက် ကလည်း အိမ်နီးချင်းကောင်း ပီသစွာ လက်တွဲဖြေရှင်းဆောင်ရွက်ပေးနေပြီ ဖြစ်သလို မြန်မာပြည်အတွင်းမှာ ဖြစ်ပေါ်လျက်ရှိတဲ့ အကြမ်းဖက်မှုများနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်ကလည်း အိမ်နီးချင်းကောင်းပီသစွာ လက်တွဲဆောင်ရွက်ပေးခဲ့မယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်”ဟု ယခုရက်ပိုင်းအတွင်း တရုတ်နှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူက ပြောသည်။
-
တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေးနှင့် ဆက်ဆံရေးတွင် မဟာဗျူဟာကျသော တရုတ်-မြန်မာ ရေနံဓာတ်ငွေ့ ပိုက်လိုင်းကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုသည့်အဖွဲ့များက အနှောင့်အယှက်ပေးလာသောကြောင့် မြန်မာ နိုင်ငံအစိုးရအနေဖြင့် ယင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းနေရာများတွင်  လုံခြုံရေးတိုးမြှင့်ချထားပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
-
တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရာ၌ ပါဝင်ခဲ့သူတစ်ဦးက “ကျွန်တော်တို့ဆန္ဒပြတောင်းဆိုမှုတွေဟာ အကြမ်းဖက်လုပ်ရပ်များဖြစ်ပေါ်အောင် လှုံ့ဆော်ခြင်းမျိုးမဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ကြဖို့၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့၊ အိမ်နီးချင်းတရုတ်အနေနဲ့လည်း အကြမ်းဖက်အဖွဲ့အစည်း တွေကို ကူညီပံ့ပိုးခြင်းမပြုဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပါဝင်ခဲ့ပါတယ်။ ဒီလိုတောင်းဆိုရခြင်းဟာလည်း ရှမ်းပြည်(မြောက်ပိုင်း)မှာ ဒေသခံပြည်သူထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခကြုံတွေ့နေရတဲ့အပေါ်မှာ စာနာထောက်ထားဖို့ကိုသာ ဦးတည်တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး တရုတ် - မြန်မာ အစိုးရနှစ်ရပ် တည်ငြိမ် အေးချမ်းရေးနဲ့ ဥပဒေစိုးမိုးရေးကိုအလေးထားပြီး လက်တွဲလုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ကြခြင်းဖြစ် ပါတယ်။ ဆန္ဒပြတောင်းဆိုမှုများဟာ အမျိုးသားရေးရှုထောင့်ကနေ တောင်းဆိုခြင်းဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေမယ့် တောင်း ဆိုမှုမျိုးတွေ မပါဝင်ခဲ့ပါဘူး”ဟု ဆိုသည်။
-
MNDAA၊ TNLA၊ AA အဖွဲ့များအနေဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံစီးပွား ရေးနှင့် ဆက်ဆံရေးတို့ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဓာတ်ငွေ့ပိုက်လိုင်းများကို ဖျက်ဆီးနေကြောင်း၊ မကြာသေးခင်ကလည်း မြန်မာ-တရုတ် စီးပွားရေးနှင့် ဆက်သွယ်ရေးတို့အတွက် အဓိကကျသည့် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး တစ် လျှောက်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ၊ လမ်းများပိတ်ဆို့ခြင်းများ၊ လမ်းများဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
-
လက်ရှိမြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးဆုံးဖြစ်သောကြောင့် တိုက်ပွဲကို ရပ်တန့်သင့်သည်ဟု နိုင်ငံရေးသုတေသနပညာရှင်များက ယုံကြည်ကြသည်။ စစ်ပွဲသည် လူတို့၏ ကိုယ်ရေးကိုယ်တာနှင့် ပစ္စည်းဥစ္စာလုံခြုံမှုကို ထိခိုက်စေရုံသာမကဘဲ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်ကိုလည်း နှောင့်နှေးစေသည်။
-
ယခုဖြစ်နေသော တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ ပုံမှန်အတိုင်း လည်ပတ်နိုင်ခြင်း မရှိဘဲ ကုန်သည်များနှင့် လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းရှင်များ နှစ်ဖက်စလုံး ဆုံးရှုံးမှုများစွာ ကြုံတွေ့ ခဲ့ရပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အများပြည်သူများ ထိခိုက်နစ်နာခဲ့ရသောကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်အတိုင်း ပုံမှန်အတိုင်း လည်ပတ်နေမှသာလျှင် ပြည်သူများသည် အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်နိုင်ပြီး ပြည်သူများ၏ စားဝတ်နေရေး အဆင့်အတန်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ပြောဆိုနေကြသည်။
-
လက်ရှိ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က အမည်ပေးထားသော 1027 သည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးဖြစ် ပြီး ယင်းကို ရပ်တန့်ကာ နိုင်ငံရေးအရ ဆွေးနွေးမှုများပြုလုပ်သင့်ကြောင်း အကြံပြုပြောဆိုနေကြသည်။
-
နှစ်ဘက်အပြန်အလှန် နားလည်မှုနည်းဖြင့်သာ ရေရှည်ငြိမ်းချမ်းရေးရရှိရန်၊ နိုင်ငံတော်သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုမြှင့်တင်ကာ ပြည်သူများအား အေးချမ်းသာယာစွာ နေထိုင်လုပ်ကိုင်နိုင်စေရန် လုပ်ဆောင်သင့်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

Post a Comment

Previous Post Next Post