အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၂/၂၀၂၃) ကျင်းပ


အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ကော်မတီအစည်းအဝေးကို ၆ လတစ်ကြိမ် ပုံမှန်ပြုလုပ်လျက်ရှိပြီး ကော်မတီ၏ အဓိကတာဝန်ဖြစ်သည့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေးနှင့် တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမရှိစေရေးအပြင် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ်သည်များကို မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းပေးရေးများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော်(ကြည်း)အား ပထမဦးစားပေးစာရင်းတွင် ပါဝင်လာခဲ့သဖြင့် အဆိုပါစာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက် (Plan of Action) ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

အဆိုပါစီမံချက်အရ CTFMR နှင့်ပူးပေါင်းပြီး ယခုအချိန်အထိ အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော လူငယ်များအား အရိုးဓာတ်မှန်ရိုက်၍စိစစ်ခဲ့ရာ အသက်မပြည့်ကြောင်း သံသယရှိသူလူငယ်များအား လက်ခံခြင်းမပြုဘဲ သက်ဆိုင်ရာ နေရပ်လိပ်စာအသီးသီးသို့ ပြန်လည်စေလွှတ်ပေးနိုင်ခဲ့ပါကြောင်း၊ CTFMR မှပေးပို့လာသည့် သံသယဖြစ်ဖွယ် စစ်သည်များကိုလည်း ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီအနေဖြင့် အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး တပ်မတော်အတွင်း ကလေးစစ်သားအသုံးပြုမှုမရှိစေရေး ကော်မတီ၏ရည်မှန်းချက်အတိုင်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးတွင်ဆွေးနွေးခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း CTFMR သို့ အသိပေးအကြောင်းကြားလျက်ရှိပါကြောင်း ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများအား အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Post a Comment

Previous Post Next Post