NCA အလုပ်ဖြစ်သေးလား???


■ ရှမ်းမြောက်အရေးအခင်းနဲ့ပတ်သက်ပြီး အထူးတလည်ပြောဖို့လိုလာတဲ့ ကိစ္စကတော့ NCA အလုပ်ဖြစ်သေးရဲ့လားဆိုတဲ့ မေးခွန်းတွေပဲ။ တကယ်တော့ ဒီစာချုပ်ဟာ လွယ်လွယ်ကူကူ ဖြစ်ပေါ်ခဲ့တဲ့ စာချုပ်တစ်ခုတော့မဟုတ်ဘူး။ ပင်လုံစာချုပ်နောက်ပိုင်း နိုင်ငံတကာအသိအမှတ်ပြုခဲ့တဲ့ သမိုင်းဝင် အထင်ကရ စာချုပ်တစ်ခုလို့ ညွှန်းဆိုမယ် ဆိုရင်လည်း ပြောလို့ရတဲ့အနေအထားဖြစ်တယ်။ နှစ်ပေါင်း ၇၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို အကောင်းဆုံးဟန့်တားနိုင်တဲ့ ငြိမ်းချမ်းရေးရှေ့ဆောင်လမ်းပြ မြေပုံလို့ပြောမယ်ဆိုရင်လည်း မမှားဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစာချုပ် ဖြစ်ပေါ်လာဖို့ အတွက် အစိုးရနဲ့ တပ်မတော်၊ EAOs တွေကြားမှာ ဆွေးနွေးမှုပေါင်း အကြိမ် ၅၀၀၀ ကျော်မက ပြုလုပ်ထားပြီးမှ ရလာတဲ့ စာချုပ်တစ်ခုလည်း ဖြစ်တယ်။
--------
■  ၁၉၈၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ တပ်မတော်အစိုးရနဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ၄၀ ရှိတဲ့အထဲက လက်နက်စွန့်/ပြည်သူ့စစ်အဖြစ်နဲ့ အသွင်ပြောင်းပြီး အစိုးရနဲ့ အပြည့်ပူးပေါင်းသွားတဲ့ အဖွဲ့က ၁၅ ဖွဲ့ရှိခဲ့တယ်။  ၂၀၀၈ ခြေဥပေါ်ပေါက်လာချိန်မှာ လက်နက်ကိုင်အဖွဲ့ ၂၅ ဖွဲ့ကျန်တယ်။ အဲဒီအထဲက ၅ ဖွဲ့က တပ်မတော်က အဆိုပြုတဲ့ နယ်ခြားစောင့်တပ်တွေ အဖြစ်လက်ခံခဲ့သလို ၁၅ ဖွဲ့ကတော့ ပြည်သူ့စစ်တွေအဖြစ်နဲ့ အသွင်ပြောင်းခဲ့တယ်။ ၅ ဖွဲ့ကတော့ တပ်မတော်ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး နဂိုအတိုင်းရှိမြဲရှိခဲ့တယ်။ ဦးသိန်းစိန် အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း လက်ကျန် ၅ ဖွဲ့အပြင် ၁၁ ဖွဲ့က တပ်မတော်နဲ့ စစ်ဖြစ်နေတုန်းရှိသေးတယ်။ ဒါက NCA မဖြစ်လာသေးခင် အနေအထား တစ်ခုလည်းဖြစ်တယ်။
-------------
■ ၂၀၁၁ ဩဂုတ်လမှာ တပြည်လုံးက လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးအတွက် အဆိုပြု ကမ်းလှမ်းချက်တစ်ခု အစိုးရက လုပ်ခဲ့တယ်။ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့အတွက် ဦးသိန်းဇော် ဦးစီးတဲ့ အဖွဲ့နဲ့ ဦးအောင်မင်း ဦးစီးတဲ့ အဖွဲ့ဆိုပြီး ၂ ဖွဲ့ခွဲလုပ်ခဲ့တယ်။ ဦးသိန်းဇော်က တပ်မတော်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေးသဘောတူညီ ထားတဲ့ “ဝ”၊ NDAA ,NSCKK, SSPP, DKBA, KNU/KNLA, KIO, ABSDF တွေနဲ့ ဆွေးနွေးသလို ဦးအောင်မင်း ဦးစီးတဲ့အဖွဲ့က တပ်မတော်အစိုးရလက်ထက်မှာကတည်းက အပစ်မရပ်ခဲ့တဲ့ KNU, NMSP, RCSS, KNPP, PNLO ,CNF, ALP တို့နဲ့ဆွေးနွေးမှုတွေ ဆက်လုပ်ခဲ့ကြတယ်။
------------
■ ၂၀၁၃ အောက်တိုဘာလတုန်းက မြစ်ကြီးနားမှာလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုမှာ KIO ဂွမ်မော်က တိုင်းရင်းသားအားလုံးပါဝင်တဲ့ အစည်းအဝေးတစ်ခု ကျင်းပဖို့ အဆိုပြုချက်ကို အစိုးရဘက်က လက်ခံပေးခဲ့တယ်။ အဖွဲ့ ၁၇ ဖွဲ့ပါတဲ့ ညီလာခံကို လိုင်ဇာ မှာ ၁ လ ကြာ ကျင်းပခဲ့တယ်။ ဒီညီလာခံကိုအခြေတည်ပြီး အဖွဲ့ ၁၆ ဖွဲ့ပါတဲ့ NCCT ဆိုတဲ့ တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ကို တိုင်းရင်းသားတွေဘက်ကဖွဲ့စည်းပြီး အစိုးရဘက်က UPWC နဲ့ NCA ဖြစ်ပေါ်လာဖို့ စပြီး ကနဦး ကြိုးပမ်းလာခဲ့ကြတယ်။ အတိုချုပ်ပြောရရင် ၂၀၁၄ မှာ မူကြမ်းထွက်လာတယ်။ ၂၀၁၅ ဩဂုတ်လ ၇ ရက်နေ့မှာတော့ မူချောအဖြစ်နဲ့ အတည်ပြုနိုင်ခဲ့ကြတယ်။ ၉.၉.၂၀၁၅ မှာ သမ္မတကြီးက တနိုင်ငံလုံးကို လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်တယ်။ ၄.၁၀.၂၀၁၅ မှာ NCA လက်မှတ်ရေးထိုးဖို့ဆွေးနွေးကြတဲ့ ၁၆ ဖွဲ့ထဲက ၈ ဖွဲ့(KNU, KNLA-PC, PNLO, ABSDF, CNF, RCSS/SSA, ALP, DKBA)က လက်မှတ် ရေးထိုးဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကျန်ခဲ့တဲ့အဖွဲ့တွေက KIO, UWSA, NDAA, KNPP, SSPP, NMSP, NSCN-Kနဲ့  PSLF တို့ဖြစ်တယ်။
-----------
■ NCA စာချုပ်ဟာ အခန်းပေါင်း ၇ ခန်း၊ အပိုဒ်ပေါင်း ၃၃ ပိုဒ် ပါဝင်ပြီးတော့ စစ်ဘက်ဆိုင်ရာ အချက်အလက် ၅၅ ချက်၊ နိုင်ငံရေးဆိုင်ရာ ၃၅ ချက်နဲ့ လူမှုစီးပွားဘဝနဲ့ သက်ဆိုင်တဲ့ အချက်အလက် ၂၃ ချက်ပါဝင်တယ်။ NCA ရဲ့ ရည်ရွယ်ချက်က ၂၀၀၈ ခြေဥပါ ဥပဒေတွေကို (ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်စရာမလိုဘဲ)NCA မှာ အတည်ပြုချက်ရယူပြီး လွှတ်တော်မှာ ဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်း နိုင်ဖို့အတွက် အဓိကထားရည်ရွယ်ခဲ့ ကြခြင်းဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခု ဆွေးနွေးကြတဲ့ အဖွဲ့အစည်းတွေတိုင်းဟာ အစိုးရ+လွှတ်တော်+တပ်မတော်နဲ့ EAOs ဆိုပြီး ဘက်ပေါင်းစုံက အာမခံပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ပါဝင်နေလို့လည်းဖြစ်တယ်။ ဒါပေမဲ့ NCA မှာ လက်မှတ်မထိုးခဲ့ကြတဲ့ သူတွေဟာ ရွေးကောက်ပွဲအရ တက်လာတဲ့အစိုးရနဲ့သာ EAOs တွေ စည်းလုံးညီညွှတ်မှု ရှိရင် တပ်ကို ဖိအားပိုပေးနိုင်တယ်ဆိုတဲ့ ယူဆချက်တစ်ခုကို လက်ကိုင်ထားခဲ့ကြတာ လည်း တွေ့ရတယ်။ (ဒါ့ကြောင့်လည်း NCA ကို အလျင်စလို လက်မှတ်မထိုးကြပါနဲ့ဦးလို့ ဒေါ်အောင်ဆန်းစုကြည်က တားမြစ်ခဲ့တာလည်းဖြစ်တယ်)။
------------

■ လက်ရှိ ၂၀၂၀ နိုင်ငံရေးဖြစ်စဉ်နောက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ KNU ,ABSDF နဲ့ CNF တို့က NCA ၈ နှစ်ပြည့်အခမ်းအနားကို မတက်ခဲ့ကြသလို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ကြေငြာထားတဲ့ NUG, PDF တို့နဲ့ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေခဲ့ကြတယ်။ ဒီလိုဖြစ်ရပ်တွေဟာ NCA ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား အနှောက်အယှက်ဖြစ်နေတာ တွေ့ရမှာလည်းဖြစ်တယ်။ လက်မှတ်ရေးထိုးထားတဲ့ သူတွေကို တန်ဖိုးမထားရာလည်း ရောက်စေတယ်။ ဒီလုပ်ရပ်တွေအပေါ်မှာ ဘာအက်ရှင်မှ မယူနိုင်တာကလည်း NCA ကို ပိုပြီး လူထုက မေးခွန်းထုတ်စရာဖြစ်လာတယ်။ NCA လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ AA, MNDAAနဲ့  TNLA တို့ကလည်း ကျားဖြန့်ကိစ္စကို ခေါင်းတည်ပြီး နယ်မြေ ပိုင်ဆိုင်ခွင့်ရဖို့နဲ့ ပြည်နယ်ရယူနိုင်ရေး ဆိုတဲ့ လိုလားချက် ခေါင်းစဉ်တွေနဲ့ စစ်ပွဲတွေ ဖော်ဆောင် လာခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လက်နက်ကိုင် စစ်ပွဲတွေရဲ့ သဘောသဘာဝတွေအတိုင်း သူ ၁ ကျပ်၊ ကိုယ် ၁ ကျပ် အနေအထားဟာ ဘယ်လိုမှ ငြိမ်းချမ်းရေးစကားပြောလို့ရမှာမဟုတ်တာတော့ အသေချာဆုံးဖြစ်တယ်။ NCA ဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးသော လမ်းပြမြေပုံဖြစ်တယ်ဆိုတာ သေချာပေမဲ့ လက်နက်ကိုင်အင်အားစုတွေ အားကောင်းလာတိုင်း နယ်မြေရဖို့အတွက် တိုးတောင်းခွင့် ရှိတယ် ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ရှိရင်းစွဲ ခံယူချက်ကိုလည်း လစ်လျူရှုထားလို့ မသင့်ဘူးလို့ ထင်မိတယ်။
--------
■ ခေတ်အဆက်ဆက်တိုင်းမှာ ပြည်တွင်းစစ်တွေရပ်ပြီး ငြိမ်းချမ်းရေးရဖို့ အတွက် နည်းမျိုးစုံမက်လုံးတွေပေးပြီးလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးပြီ။ အထူးဒေသတွေ ပေးပြီးလည်း အုပ်ချုပ်စေခဲ့ပြီးပြီ။ ၂၀၀၈ ခြေဥပါ ပြဋ္ဌာန်းချက်တွေအရလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ/တိုင်းတွေ သတ်မှတ်ပြီး အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ဒီလိုလိုက်လျောချက်တွေကပဲ ရန်သူပြင်ဆင်ချိန်ရအောင် အချိန်ပေးခဲ့သလို ဖြစ်နေတာကလွဲရင် ငြိမ်းချမ်းရေးအတွက် ဘာတစ်ခုမှ တိုးတက်လာတာ မရှိဘူးလို့လည်း မြင်မိတယ်။ သေချာတာကတော့ စစ်တမ်းမှာ လူထုက Vote ပေးထားသလို NCA အလုပ်မဖြစ်တော့ဘူးလို့ တွေးထင်လာကြတော့ ဆန်းမှ မဆန်းတော့ပဲ။ စစ်ကိုနိုင်အောင်တိုက်ပြီးမှ ငြိမ်းချမ်းရေးအကြောင်း၊ နိုင်ငံရေးအကြောင်း ပြောတာက ပိုပြီး ယုတ္တိတန်တယ်လို့ ထင်ပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post