ရန်သူ အသုံးပြုနေသော ပြည်သူ့စစ်မဟာဗျူဟာကိုဆန်းစစ်ခြင်း


“ပြည်သူ့စစ်မဟာဗျူဟာ” နာမည်ကား ၇ လုံးတည်းဆိုပေမဲ့ အတော်ကို နက်နဲ လှသည်။ ပြည်သူ ဆိုသည်မှာ အမြဲတမ်းတပ်မတော်တွေလို လက်နက်နှင့် အမြဲထိတွေ့ နေခြင်းမရှိသဖြင့် စစ်တိုက်နိုင်စွမ်းမှာ အားနည်းသော်လည်း စစ်နိုင်ရခြင်း၏ အကြောင်း တရားတွေထဲတွင် “ပြည်သူ” ဆိုသည့် အင်အားက အနိုင်ရဖို့ အားကြီးသည့် အချက်တစ် ချက်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ဒါကြောင့် ပြည်သူ ပါဝင် တိုက်ခိုက်သည့် စစ်ဗျူဟာ တွေပေါ်ထွက်လာပြီး အဆိုပါ “ပြည်သူ့စစ်မဟာဗျူဟာ” ကို သမရိုးကျမဟုတ်သည့် စစ်ပွဲ များတွင် အသုံးပြုကာ စစ်ဆင်ကြသည်။
“ပြည်သူ့စစ်မဟာဗျူဟာ” ဆိုသည်မှာ အဘယ်နည်း။ ရှင်းပါသည် “ပြည်သူ” ကို ဗဟိုပြုထားပြီး “ပြည်သူ့” ကြားတွင် ရောနှောပြီး စစ်တိုက်ခြင်းပင်ဖြစ်သည်။  ဆိုက္ကားသမား စကားဖြင့်ပြောလျှင် ပြည်သူ အယောင်ဆောင်ကာ စစ်တိုက်ခြင်းပင် ဖြစ်သည်။ “ပြည်သူ့” စစ်မဟာဗျူဟာကို ဘယ်မှာသုံးမည်နည်း။ ဟုတ်ကဲ့ .. သမရိုးကျ စစ်နည်းဗျူဟာဖြင့် တိုက်ခိုက်လို့မနိုင်သည့်အခြေအနေတွင် သုံးပါသည်။ ရှင်းရှင်းပြောရ လျှင် ခံချလို့မနိုင်ဘူးဆိုသည့် အဖွဲ့ကို တိုက်ရာတွင် အနှီ နည်းဗျူဟာကို အသုံးပြုသည်။
ဆိုတော့ ... မိမိ တို့ တပ်မတော်သည် “ပြည်သူ့စစ်မဟာဗျူဟာ” ဆိုတာနှင့် မစိမ်း။ တပ်မတော်စတင်ပေါက်ဖွားစဉ်ကတည်းက ပြည်သူကမွေး၊ ပြည်သူကကျွေးပြီး သန္ဓေတည်လာသည်မို့ ခုချိန်ထိ “ပြည်သူ့စစ်မဟာဗျူဟာ” ဆိုတာရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိရှိပြီးသားလို့ ပြောလို့ရသည်။
ထားပါလေ ... အဓိက ပြောချင်တာကို ဆက်ပြောပါမည်။ အဓိက လက်ရှိ သောင်းကျန်းသူ သူပုန်တွေ အသုံးပြုနေသော “ပြည်သူ့စစ်မဟာဗျူဟာ” ကို လေ့လာ သုံးသပ်တင်ပြပါမည်။
NLD သည် ၂၀၂၁ ဖေ ၁ မတိုင်ခင်ကတည်းက တချိန်မှာ တပ်မတော်မှ အာဏာ ပြန်လည်ထိန်းသိမ်းနိုင်သည်ဆိုတာကို ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ ဒါကြောင့် သူ ၏ ပါတီ ကို အင်အားကောင်းသထက်ကောင်းအောင် လူငယ်တွေနှင့် တည်ဆောက်သည်။ အနုပညာရှင်, Celebrity နှင့် Social Influencer များဖြင့် လူငယ် အင်အား များများရ အောင် စည်းရုံးသည်။ ပြီးတော့ အဆိုပါ လူငယ်တွေကို သပ်သပ် အမာခံသဘောမျိုး ဖွဲ့ စည်းထားခဲ့သည်။ အာဏာလက်မလွှတ်ခင် မင်းကိုနိုင် (ခ) ခေါကြီး မှာ ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးကိုအသုံးပြုကာ နယ်စပ်ဒေသ EAOs များနှင့် အကြိမ်ကြိမ် သွားရောက် တွေ့ဆုံခဲ့သည်။ ဘာတွေပြောခဲ့သည်ဆိုတာ ထိုစဉ်က သတင်းမထုတ်ပြန်ပုံ ထောက်လျှင် EAOs တွေနှင့် အပေးအယူ တစ်ခုခု လုပ်ခဲ့ပုံရှိသည်ဟု ယူဆရသည်။
တပ်မတော်ကို ၂၅ နှစ်တိုင်တိုင် အံတုလာသည့် NLD သည် လူငယ်တွေကို တောခို အောင်ဆောင်ရွက်ပြီး အင်အားကို စုစည်းနိုင်ခဲ့ပေမဲ့ “ပြည်သူ့စစ်မဟာဗျူဟာ” ကို ကျင့် သုံးရာတွင်တော့ စစ်စည်းရုံးမှုပုံစံမသွားတာကို ထူးခြားစွာတွေ့ခဲ့ရသည်။
သူတို့၏ ဗျူဟာကတော့ တစ်မျိုး။ တပ်မတော်သားတွေနှင့် ပြည်သူကို ခွဲထုတ် သည်။ တပ်ယူနီဖောင်းကိုဝတ်ပြီး ပြည်သူ့ကြားတွင် သွားဖို့ အဆင်မပြေစေရန်အတွက် ၂၀၂၁ ဖေ ၁ အရေးအခင်းစကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ခြင်း များဆောင်ရွက်သည်။ ပြီးတော့ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ပြည်သူ့ ပတ်ဝန်းကျင်မှ အနုနည်းနှင့်ဖယ်ထုတ်ခြင်း (Social Punichment)၊ အကြမ်း နည်း နှင့်ဖယ်ထုတ်ခြင်း (ဒလန်ဟုနာမည်တပ်ကာသတ်ဖြတ်မှု) တွေလုပ်ဆောင်ခဲ့သည်။ တပ်မတော်သားများသာမက တပ်မတော်ထောက်ခံသူ ပြည်သူများကိုလဲ NLD ထောက်ခံ သူ ပြည်သူများကြားတွင် ရှင်သန်မရအောင် ဒလန်ဆိုပြီး သတ်ဖြတ်မှုများဆောင်ရွက် ခဲ့သည်။ တရားဉပဒေစိုးမိုးမှု ယန္တရားရပ်တည့်စေရန်အတွက် နယ်မြေခံ ရဲနှင့် သတင်း တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုအား ကန့်သတ်ပစ်သည်။ ဒီလိုနှင့် တပ်နဲ့ ပြည်သူ အဆက်ကို ဖြတ်ပစ်သည်။ တပ်နဲ့ပြည်သူ ကို ခွဲထုတ်သည့် မဟာဗျူဟာကို မိမိ တို့ အနေဖြင့် အမြန်ဆုံး မကုစားနိုင်ပါက ရန်သူ့ သတင်းအချက်အလက်များမရရှိနိုင်။ ဒါကြောင့် အကြောက် တရားဖြင့်ခွဲထုတ်ထားသည့် မဟာဗျူဟာကို ပြန်လည်ကုစားဖို့အတွက် စဉ်းစားသင့်သည်။
NLD ပါတီသည် သူတို့ ပါတီဝင်များကို ခါးပိုက်ဆောင်တပ် PDF အဖြစ် အသွင် ကူးပြောင်းရာတွင်တော့ မော်စီတုန်း ဦးဆောင်သည့် ကွန်မြူနစ်ပါတီ ကို Inspire ယူ သည်။ ပါတီဝင်တွေအားနှင့် တပ် အသွင်ကိုကူးသည်။ ဒါပေသိ အကြောက်တရားနှင့် တည်ဆောက်သည့် “ပြည်သူ့စစ်မဟာဗျူဟာ” မှာတော့ မော်စီတုံးနှင့်ကွာသည်။
ဆိုတော့ တပ်မတော်ကရော ဘာဆက်လုပ်မည်နည်း။ တပ်မတော်ကို အားပေး ထောက်ခံသည့် ပါတီတွေရှိသည်။ တပ်မတော်ကိုအားပေးထောက်ခံသည့် ပြည်သူတွေ ရှိသည်။ တပ်မတော်သည် ထိုအင်အားကို အကျိုးရှိစွာ အသုံးချသင့်သည်။ ၅၅၀ ဆရာတော် ထံ က ပြည်သူ့စစ်ကွန်မန်ဒိုတွေမွေးထုတ်သလို ရန်သူ အသုံးပြုသည့် အတိုင်း ပြည်သူနဲ့ PDF ကို ခွဲထုတ်ဖို့ တန်ပြန် ဗျူဟာတွေကိုသုံးသင့်သည်။ ဒါကား စာရေးသူ ၏ ဉာဏ်မှီသလောက်ပင်ဖြစ်သည်။ တပ်မတော်အကြီးအကဲများသည် စာရေးသူထက် မြောက်မြားစွာ အတွေ့အကြုံ၊ ဉာဏ်ပညာကြီးမြင့်သူများဖြစ်ကြသည်မို့ လုပ်ဆောင်နေ သည်လို့လဲ ယုံကြည်ပါသည်။

ရမခ နယ်မြေ လောက်ကိုင်၊ ရပခ နယ်မြေ ကယား၊ ရတခ နယ်မြေ မြဝတီ၊ နပခ နယ်မြေ နျုံဘူး၊ နမခ နယ်မြေ စစ်ကိုင်း တို့တွင် ရန်သူသည် အကြောက်တရား ကြီးစိုးသော “ပြည်သူ့စစ်မဟာဗျူဟာ” ကိုအသုံးပြုနေသဖြင့် ဒါသည် မိမိတို့ တပ်မတော် အတွက် အချက်ဖြစ်နိုင်သည်ဟု သုံးသပ်တင်ပြရင်း .......

“တရားသောစစ်အောင်ရမည်”

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post