မုန်းမြို့ရှိ တပ်ရင်းအား လုံခြုံရေးပြန်လည်‌ဆောင်ရွက်နေသည့်အပြင် ဆုတ်ခွာသွားသော ရန်သူများကိုပါ လိုက်လံချေမှုန်းနေဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား


မုန်းမြို့သိမ်းတိုက်ပွဲတွင် သောင်းကျန်းသူများ အကျအဆုံးများကြောင်း ၎င်းတို့ကိုယ်တိုင် အသိဖြစ်ပြီး တပ်မတော်က ရန်သူအကျအဆုံးအား ဂုဏ်ယူစွာ ပြောနေမည်မဟုတ်ဟုပါ ပြော

Written by Nyein Kyaw

ပဲခူးတိုင်း၊ မုန်းမြို့ရှိ တပ်ရင်းကို တပ်မတော်က လုံခြုံရေးများ ပြန်လည်ဆောင်ရွက်နေသည့်အပြင် လုံခြုံရေးအတွက် စိတ်ချရစေရန် ဆုတ်ခွာသွားသော ရန်သူများကိုပါ လိုက်လံချေမှုန်းနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများနှင့် မြို့ဝင် သံတံတားတို့အား KNLA နှင် PDF တို့က အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အနောက်နိုင်ငံများ၏ အထောက်အပံ့ယူထားသည့် မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ဖော်ပြနေခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“ဒီနေ့ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းမှာဘဲ ခုနကပြောတဲ့ အနောက်နိုင်ငံမီဒီယာတွေ၊ ပြည်ဖျက်မီဒီယာတွေက အားလုံးသိမ်းပိုက်နိုင်ပြီလို့ ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ ကျွန်တော်တို့က စနစ်တကျပြန်လည်စုဖွဲ့ပြီးတော့ ခုနကပြောတဲ့ တပ်ရင်းတစ်ရင်းပေါ့။ ဒီတပ်ရင်းတစ်ရင်းကို ပြန်လည်ပြီးတော့ လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ သူတို့အနေနဲ့တော့ မုန်းဒေသမှာပေါ့။ မုန်းဆိုတာ မြို့သေးသေးလေးပါ။ တိုက်နယ်အဆင့်လို့ ပြောခဲ့ပြီးပါပြီ။ သူတို့အနေနဲ့ မုန်းဒေသမှာ နေရာ ၃ နေရာလောက်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာပေါ့။ ပြောရမယ်ဆိုရင်တော့လည်း ဒီပြင့်အဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲဆိုတဲ့ ကြွေးကြော်သံတွေရဲ့ အောက်မှာ ပြယုဂ်တစ်ခု ပြချင်တာလည်းဖြစ်မှာပေါ့” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်တွင် မုန်းမြို့ကို လာရောက်တိုက်ခိုက်ခဲ့သည့် သောင်းကျန်းသူများအနေဖြင့် တပ်မတော်က တန်ပြန်တိုက်ခိုက်မှုများကြောင့် မုန်းမြို့မှ အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရပြီး ဒေသလုံခြုံရေး ပိုမိုစိတ်ချရစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာသွားသည့် ရန်သူများအား လိုက်လံချေမှုန်းမှုများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မုန်းရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်ကို ရန်သူများ ဆုတ်ခွာထွက်ပြေးပါတယ်။ ဆုတ်ခွာထွက်ပြေးတဲ့အခါမှာလည်း တပ်မ‌တော်အနေနဲ့ လုံခြုံမှုရှိအောင် လိုက်လံချေမှုန်းရတာမျိုးရှိပါတယ်။ အဲဒီမှာလည်း သူတို့ဘယ်လောက်ကျဆုံးတယ်။ ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ်ဆိုတာ သူတို့ပဲအသိဆုံးဖြစ်ပါတယ်။ ဒါတွေက ဘယ်လောက်သေတယ်။ ဘယ်လောက်ကျဆုံးတယ်၊ ဘယ်လောက်ဒဏ်ရာရတယ် ဆိုတာက ဂုဏ်ယူပြီးပြောနေစရာမရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

#sac #တပ်မတော် #မုန်း #KIA #PDF #mtnews #myanmar_transparency_news

Post a Comment

Previous Post Next Post