PDF တွေရဲ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်နိုင်သလား.


■  ဒီကနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ ဘက်ပေါင်းစုံကနေ လိုလားချက်အသီးသီးနဲ့ ဆင်နွှဲနေကြတာ တွေ့မြင်နေရတယ်။ အဲဒီအထဲမှာ NUG ဆိုတာကလည်း သူတို့အာဏာပြန်လည်ရရှိရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အဝေးရောက် အစုအဖွဲ့ကနေ လက်နက်ကိုင်ပြီး တော်လှန်နေတာလည်း တွေ့မြင်နေရ တယ်။ ဒီတော်လှန်ရေး စပြီဆိုကတည်းက နည်းလမ်းမမှန်တဲ့ လုပ်ရပ်တွေကြောင့် တော်လှန်ရေးကြီး မအောင်မြင်နိုင်ဘူးလို့ တထစ်ချ ရေးခဲ့/ ပြောခဲ့ဖူးတယ်။ ဒီလိုဘာ ကြောင့် ပြောရသလဲ?၊ ပြောနိုင်သလဲဆိုတော့... ဒီကနေ့ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ အရင်ပြည်ပြေးဦးစိန်ဝင်းတို့ လက်ထက်က အခြေအနေကို  နှိုင်းယှဉ်ချိန်ဆ မိခဲ့လို့ပဲ။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီတိုက်ဇေးရှင်းအရ စနစ်တစ်ခုကို လူထုက အပြောင်းအလဲလုပ်ချင်လာတာပဲဖြစ်ဖြစ်...။ နှစ်ပေါင်းများစွာ တစ်ပါတီတည်း ကြီးစိုးတဲ့ အရပ်ဖက်အာဏာရှင်အစိုးရကို လူထုက မကြိုက်နှစ်သက်တော့လို့ ဖြုတ်ချချင်တာမျိုး မှာပဲဖြစ်ဖြစ်...။ တပ်မတော် အုပ်ချုပ်တဲ့ အစိုးရလိုမျိုးကို မကြိုက်နှစ်သက်တော့လို့ ဖြုတ်ချချင်တဲ့အချိန်မျိုးတွေမှာပဲဖြစ်ဖြစ်... ဒီRevolution လုပ်တဲ့ လူထုရဲ့နောက်ကွယ်မှာ ပြည်ပ အင်အားကြီးနိုင်ငံတွေရဲ့ အားပေးထောက်ခံမှုတွေက အတိုင်းအတာတစ်ရပ် အထိ ရှိတယ်ဆိုတဲ့ အချက်ကို NUG အနေနဲ့ ပြည့်ပြည့်ဝဝ မရဘူးဆိုတာကို လက်ကိုင်ထားမိလို့ ပဲ။
------------

■  မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေထဲမှာ အဖွဲ့ ၂ ဖွဲ့ က သီးသန့်ကွဲထွက်နေတယ်။ တစ်ဖွဲ့က NCA နဲ့ အတူရှိနေတဲ့ အဖွဲ့ဖြစ်ပြီးတော့ တစ်ဖွဲ့က တော့ “ဝ”ဦးဆောင်နေတဲ့ FPNCC ဆိုတဲ့အဖွဲ့ဖြစ်တယ်။ FPNCC ဆိုတဲ့အဖွဲ့ထဲမှာ  ဦးဆောင်သူ “ဝ” အပြင် မိုင်းလား၊ KIA ၊ TNLA၊  MNDAA ၊ SSPP/SSA နဲ့ AA  ဆိုတဲ့ လက်နက်ကိုင်တွေ ပါဝင်တယ်။ ဒီလက်နက်ကိုင်အင်အားစုတွေတိုင်းမှာ သူတို့ရဲ့ နိုင်ငံရေးလိုလားချက် ခေါင်းစဉ်တွေလည်း အသီးသီးရှိကြတယ်။ ဥပမာ- “ဝ”ဆိုရင်... ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်ကနေ ပြည်နယ်အဆင့်ထိ ရချင်ကြောင်း ပေါ်ပေါ်ထင်ထင် တောင်းဆိုထားတယ်။ TNLA ဆိုရင်လည်း အလားတူပဲ။ AA ရဲ့ ခြေလှမ်းကတော့ ဖင်မနိုင်ဘဲ ပဲကြီးစားချင်တဲ့ သဘောရှိတာတွေ့ရတယ်။ အထူးသဖြင့်“ဝ”လိုမျိုး သီခြားနယ်မြေ ထူထောင်ချင်/ရချင်တဲ့သဘောရှိတာတွေ့ရတယ်။ ခက်တာက ရခိုင်လူထုအပေါ် အဓမ္မလူသစ်စုတာတွေ၊ ဘင်္ဂလီတွေကို AA ထဲမှာ စစ်မှုထမ်းဆောင်စေတာတွေအပြင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ရပ်တည်နေရတဲ့ အခြေအနေကလည်း  ရခိုင်လူထုရဲ့ မျှော်လင့်ချက်နဲ့ ဝေးနေဦးမယ် ထင်ပါတယ်။
--------------
■  ဒီကနေ့  "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) တည်ထောင်ခြင်း ၃၅ နှစ်ပြည့်အခမ်းအနားကို NUG က သဝဏ်လွှာပေးပို့ခဲ့ရာမှာ “ဝ”တပ်ဖွဲ့နဲ့ အတူ ပူးပေါင်း ဆောင်ရွက်လိုတယ်ဆိုတဲ့ ကမ်းလှမ်းချက်ကိုလည်း ဖတ်ခဲ့လိုက်ရတယ်။ ဖြစ်နိုင်သလားလို့ မေးရင်...တရာဝင်လမ်းကြောင်းအရဆိုရင်တော့ “နိုး” ပါပဲ။ သူတို့ကိုယ်စီသွားမဲ့ နိုင်ငံရေး Trend လမ်းကြောင်းချင်းက မတူပါဘူး။ “ဝ”အနေနဲ့ စစ်ပွဲကြောင့် နှစ်ပေါင်း ၃၀ လောက် ရေရှည်မျှော်မှန်းတည်ဆောက်ထားတဲ့ “ဝ”ဒေသကို အပျက်အစီးမခံပါဘူး။ ဒီကနေ့ ရှမ်းမြောက်စစ်ပွဲမှာ “ဝ”အနေနဲ့ မြောက်ပိုင်း ၃ ဖွဲ့ကို နောက်ကွယ်ကနေ အထောက်အပံ့ ပေးနိုင်တယ် ဆိုတဲ့ ယူဆချက်တွေရှိနေပေမဲ့ အစိုးရနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေး ကိုလည်း အပျက်အစီးမခံပါဘူး။
--------------
■ တဖက်မှာ ရှိတဲ့ NUG သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်း က အမေရိကန် နိုင်ငံခြားရေး ဌာနကနေ လွှတ်တော်ကို အစီရင်ခံရတဲ့ စုံစမ်းအစီရင်ခံစာမှာတောင် မြန်မာပြည်ရဲ့ အကြမ်းဖက်လုပ်ငန်းတွေရဲ့ ဦးဆောင်သူတွေနေရာမှာ PDF တွေကို ဖော်ပြနေတာက သူတို့နိုင်ငံရေး ရေချိန်ရဲ့ “စန်းကျ” မှုပါပဲ။ ဒါဟာ တနည်းအားဖြင့် NUG ရဲ့ဦးဆောင်မှု အောက်မှာရှိတဲ့ PDF တွေဟာ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေပါ တယ်ဆိုတဲ့ သဘော(Codes) ဖြစ်ပါတယ်။ သူတို့အားကိုးပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံ ကိုယ်တိုင်က ဒီလိုထုတ် ဖော်ရေးသားလာတာက အတော်လေး ထူးဆန်းပါတယ်။ ဒါ့ကြောင့် ဒီလို ပုံရိပ်ဆိုးရှိနေတဲ့ NUG နဲ့ တရားဝင်ပူးပေါင်းကြောင်း ထုတ်ပြန်မိခဲ့ရင် “ဝ”ဟာ တိုင်းရင်းသား လူမျိုးစုဆိုတဲ့ Autonomy  ပျောက်သွားမှာပါ။
----------

■ NUG ကိုထောက်ခံတဲ့သူတွေ မမေ့ဖို့လိုတာက မြန်မာပြည်မှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဆိုတာ... သူတို့ရည်မှန်းထားတဲ့ နိုင်ငံရေးလိုလားချက်တစ်ခုကလွဲရင် ကျန်တာ စိတ်မဝင်စားပါဘူး။ ဒီကနေ့ စစ်ကိုင်းမှာ ရှိတဲ့ဗမာလူမျိုးတွေ စစ်ပွဲတွေကြောင့် ပြာပုံအတိ ဖြစ်နေတာတောင် ဘယ်သတင်းမီဒီယာတွေမှာ ထူးထူးခြားခြား ဖော်ပြရေးသား အကူအညီတောင်းခံနေတာ တွေ့ဖူးလို့လဲ။ စစ်ကိုင်းတိုင်းက မြို့/ရွာတွေပျက်စီးတာက ထန်တလန်နဲ့ လွိုင်ကော်လောက် လူထုက စိတ်ဝင်စားမှု ရှိကြလို့လား။  ဒါက ပြည်မနဲ့ တိုင်းရင်းသားတွေကြားက အခြေခံအယူအဆနဲ့ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုက ဘယ်အပေါ်မှာရှိသလဲဆိုတာ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ဘယ်လောက်ပဲ စစ်အာဏာရှင် ပျက်သုန်းရေးလို့ ကြွေးကြော်နေပါစေ ...နိုင်ငံရေးမှာ အပေးအယူဆိုတာ တွေ ရှိပါတယ်။ ခေတ်အဆက်ဆက် က ငြိမ်းချမ်းရေးတွေတိုင်းဟာ နှစ်ဖက်လက်နက်ကိုင် တွေ လုပ်ရတဲ့ အခြေအနေသာ ဖြစ်ပါတယ်။ ပိုပိုသာသာဖိတိုက်လိုက်လို့ ကွယ်ပျောက် သွားတဲ့အထဲမှာ စနစ်ကို အခြေခံတဲ့ ဗကပ တွေကလွဲရင် တိုင်းရင်းသားမျိုးနွယ်စုကို အခြေခံတဲ့ လက်နက်ကိုင်တွေက ရှင်သန်ဆဲ ဆိုတာကို သတိမလစ်ဖို့လိုပါတယ်။
-------------
■ မြောက်ပိုင်းမှာ ရှိတဲ့ KIA ကို ရှမ်းနီတွေက တော်လှန်နေဆဲပါ။ ရှမ်းပြည်နယ်ထဲမှာတောင် လူမျိုးစုတူပါရက်နဲ့ အခြေခံ “မူ” မတူတဲ့အတွက် RC နဲ့ SSPP ဆိုပြီး လက်နက်ကိုင် နှစ်ဖွဲ့ထပ်ကွဲပါတယ်။ ချင်းမှာလည်း ချင်း လက်နက်ကိုင်အချင်းချင်း မတည့်ပါဘူး။ ဗမာမှာလည်း NUG ကိုယ်တိုင် ဗိုလ်နဂါးကို CoC ထဲ မထည့်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ PDF တပ်ရင်းတွေ အင်အားစုပေါင်း ၃၀၀ လောက် ရှိတယ်ဆိုတာတောင် Local PDF အချင်းချင်း ညီညွှတ်မှု မရှိပြန်ပါဘူး။ အချင်းချင်းတောင် ဒီလိုညီညွှတ်မှုမရှိတဲ့အဖွဲ့တွေက တပ်မတော်ကို အပြုတ်တိုက်မယ် ဆိုတဲ့ မျှော်လင့်ချက်က အတော်လေး အလှမ်းဝေး လွန်းပါတယ်။ ပိုဆိုးတာက...PDFတွေကိုယ်တိုင်  ဒလံဆိုပြီး လူသတ်မှုတွေ အများအပြား ကျူးလွန်ခဲ့တာတွေ၊ စစ်အာဏာရှင်ပြုတ်ကျရေးဆိုပြီး လူထုရဲ့ ကျန်းမာရေး ကဏ္ဍတွေ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ဖောက်ခွဲဖျက်စီးမှုတွေ လုပ်လာတဲ့ အချက်တွေက   နိုင်ငံတကာအတွက်တော့ အားပေးထောက်ခံစရာအကြောင်းမရှိဘူးလို့ပဲ မြင်ပါတယ်။
■ Image မကောင်းတဲ့သူမျိုးကို ကာကွယ်ရေးဝန်ကြီး ခန့်ထားတဲ့  NUG လို အဖွဲ့အစည်းမျိုး အတွက် ဘယ် Local PDF ကမှ မလေးစားနိုင်ပါဘူး။ လက်ရှိ မြေပြင် PDF တွေဆိုတာကလည်း အခွန်အခကောက်ရင်း၊ လူသတ်ရင်းနဲ့ ပျော်မွေ့နေကြသူက ထုနဲ့ဒေးပါ။ ယင်းမာပင်မှာ PDF အချင်းချင်း အယောက်(၂၀)ကျော်လူသတ်မှုတွေ၊ မုံရွာက ကိုယ်ဝန်ဆောင်သည်ကို သတ်ဖြတ်မှုတွေတောင် မဖြေရှင်းပေးနိုင်တဲ့ NUG အတွက် ဘာမှ မျှော်လင့်နေစရာအကြောင်းမရှိပါဘူး။    ဒီကြားထဲ ဘာပရောဂျက်၊ ညာပရောဂျက်နဲ့ ဂျင်းတဆုံးထည့်နေတဲ့ လော်ဘီတွေကြား မှာ တကယ်ချမ်းသာပြီး ပြည့်ပြည့်စုံစုံနေရ တာကလည်း  ပြည်ပအခြေစိုက် NUG ရဲ့ထိပ်ပိုင်းလူနည်းစုတွေချည်း ပါပဲ။ နိုင်ငံတကာက လည်း အားပေးထောက်ခံမှု မရှိသလို အမေရိကန်ကိုယ်တိုင် PDF တွေက လူသတ်နေပါ တယ်လို့ တရားဝင်ထုတ်ပြောလာမှုကြီးက NUG အတွက် လားရာ မကောင်းပါဘူး။ ဆိုတော့.... PDF တွေရဲ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်နိုင်သလား မေးရင် တခွန်းတည်းပြောပါ့မယ်။ "နိုး”ပါပဲ။

(နရီမိုး)

Post a Comment

Previous Post Next Post