"ဘာတွေမှားနေလဲ"



ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ၄၅ နိုင်ငံစာရင်းမှာ ကိုယ်တွေနိုင်ငံက အဆင့် ၄၀ ချိတ်တယ်ဆိုတဲ့ အကြောင်းအရာလေး ဖတ်မိလိုက်တယ်။  တကယ် မပျော်ရဘူး။ အဲ့ဒီစာရင်း List ထဲမှာ အာရှ က ၈ နိုင်ငံ ပါပြီးတော့ အရှေ့တောင်အာရှက ၄ နိုင်ငံပါတယ်။ ကမ္ဘောဒီယားရယ်၊ အရှေ့တီမောရယ်၊ လာအိုနဲ့ ကိုယ်တွေနိုင်ငံ။ လာအိုလို ကုန်းတွင်းပိတ်နိုင်ငံတောင် တဦးချင်းဝင်ငွေက ကိုယ်တွေထက်မြင့်ဦးမယ်ထင်တာပဲ။ ဘာကြောင့်ဒီလို ဖြစ်ရတာလဲ။ တကယ်တော့ အဖြေက ရှင်းရှင်းလေး။ ပြည်တွင်းစစ်ကြောင့်ပဲ။
-----
လွတ်လပ်ရေးရတာဟာ ၇၆ နှစ်အထိ ရှိလာတာတောင် အယူဝါဒရေးရာတွေ၊ ဘာသာရေးတွေနဲ့ တိုင်းရင်းသားရေးရာကို အခြေခံတဲ့ စစ်ပွဲတွေဟာ ဒီကနေ့အထိ မဖြေရှင်းနိုင်သေးဘူး။ လက်နက်ကိုင်ရတဲ့ အရသာကို သိတဲ့အခါ အစဉ်အဆက် လုပ်ပိုင်ခွင့်ရခဲ့ကြတဲ့ EAO တွေ မဆိုထားနဲ့။ အရေးအခင်းပြီးနဲ့အတူ ပေါ်ပေါက်လာတဲ့  LPDF တွေတောင် မုံရွာလမ်းပိုင်းတွေမှာ စနစ်တကျ ဂိတ်ဖွင့်တောင်းစားနေတတ်ပြီ။ တကယ်တော့ စစ်အာဏာရှင် ပပျောက်ရေးဆိုတာ အကြောင်းပြချက်တစ်ခုပဲ။ စစ်ကိုင်းအထက်မှာ ရွှေတွင်းလုပ်ကွက်တွေရှိတယ်။ တရားမဝင်သစ်လမ်းကြောင်းတွေရှိတယ်။ မကွေးဘက်ဆိုရင်လည်း တရားမဝင်ရေနံလုပ်ကွက်တွေ ရှိတယ်။ PDF တွေအပါအဝင် EAO တွေ အနေနဲ့ ဒီလုပ်ငန်းတွေကို ကင်းပါတယ်လို့ ဘယ်သူငြင်းရဲမလဲ။
-------
စု၊ ရွေး၊ လွှတ် ဆိုတာတွေ အရေးမကြီးတော့ဘူး။ အခွန်အခနဲ့ ရပ်တည်ရတဲ့ NUG ဟာ သူ့ရှင်သန်ရပ်တည်မှုအတွက် အစဉ်တစိုက်ဝေဖန်ခဲ့တဲ့ တရုတ်ကိုတောင် One China Policy ကို ထောက်ခံပါတယ်လို့ ဆိုရတဲ့အထိ မျက်နှာချိုသွေးလာရပြီ။ ဒါက ထိုင်းစစ်ဘက်အရာရှိ ရောက်လာပြီး ကျားဖြန့်ဂိုဏ်းရှင်းလင်းရေး ဆွေးနွေးမှုအပြီး ပေါ်လာတဲ့ ကိစ္စတွေ။ သက္ကမိုးညို ကိုယ်တိုင် စိတ်လစိလို့ ပြောတာ မလွန်ဘူး။
--------
ခုလည်း အသောမတတ်တဲ့ လောဘတွေနဲ့အတူ ပြည်နယ်ထပ်တိုး တိုးမြှင့်တောင်းဆိုမှုတွေနဲ့ စစ်ပွဲတွေရပ်ဖို့ လမ်းမမြင်တော့ဘူး။ ကိုးကန့်နယ်ကို ရချင်တယ်သာ ပြောပြီး ကွတ်ခိုင်၊ သိန္ဒီအထိ တောင်းလာတဲ့ကိစ္စတွေ။ ပလောင်လူမျိုးနေတာ ၃ မြို့နယ်တဆက်တည်းတောင် မရှိတဲ့ အနေအထားကနေ သီပေါ၊ ကျောက်မဲ နဲ့ လားရှိုးအထိ ပါ ရောက်လာခဲ့ပြီ။ မကြာခဏ ပြောခဲ့ဖူးတဲ့ Might is Right ဆိုတာ  ဒါပါပဲ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပေးအပ်ထားတာတောင် လက်နက်ကိုင်အင်အားကြီးရင် နယ်မြေ ခွဲဝေပေးရမယ်ဆိုတဲ့ ‌ပုံစံမျိုး။ သေချာတာကတော့ ပလောင်တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ဓနု၊ ပအိုဝ့်တို့ကို မျက်နှာပူသင့်တယ်။
-------
ဘာရယ်မဟုတ်ပါဘူး။ ၇၆ နှစ် လွတ်လပ်ရေးလို့ ဆိုပေမဲ့ အကြောင်းအမျိုးမျိုးပြပြီး စစ်ဖြစ်နေတဲ့ နိုင်ငံက ကမ္ဘာ့ဖွံ့ဖြိုးမှု ‌အနောက်ကျဆုံး ၄၅ နိုင်ငံထဲ ချိတ်တာနဲ့ ပြည်တွင်းစစ်မရပ်နိုင်တာ ထူးဆန်းတဲ့အရာမှ မဟုတ်တော့ပဲ။


(နရီမိုး)

1 Comments

  1. နင့်ဖေကြီးခိုးထားတာတွေတွက်ရင်တော့အဲ့လောက်မဆင်းရဲဘူး

    ReplyDelete

Post a Comment

Previous Post Next Post