❝နယ်ပယ်ကဏ္ဍစုံတွင် နှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က နစက ဥက္ကဋ္ဌ ထံပေးပို့သည့်သဝဏ်လွှာတွင်ဖော်ပြ❞



ယနေ့၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု သိရသည်။

ယင်းသဝဏ်လွှာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားအားလပ်ရက်ဖြစ်သော လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း ဦးစွာဖော်ပြထားသည်။

ထို့နောက် ရုရှား - မြန်မာဆက်ဆံရေးသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုရှိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်မှုနှင့် လုံခြုံမှု ပိုမိုခိုင်မာစေရေးအတွက် နယ်ပယ်ကဏ္ဍစုံတွင် နှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့် လုပ်ဆောင်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ဖော်ပြထားသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ နှစ်သစ်အခါသမယတွင် အဆွေတော်အား နှုတ်ခွန်းဆက်သအပ်ပါကြောင်းနှင့် အဆွေတော် ကျန်းမာပျော်ရွှင်၍ အောင်မြင်မှုများရရှိပြီး မြန်မာပြည်သူများအားလုံး ငြိမ်းချမ်း၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်းဖြင့် ထည့်သွင်းဖော်ပြထားသည်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post