❝ တွေးမိတွေးရာ....❞xxxxxxxxxxxxxxxxxx


■  MNDAA ရဲ့ စစ်ရေးရည်မှန်းချက်က လောက်ကိုင် ရဖို့ပါပဲ။ မီဒီယာတွေမှာ တရားဝင် ထုတ်ဖော် ပြောလာတာကတော့ အထူးဒေသ(၁)အဖြစ်နဲ့ အုပ်ချုပ်နိုင်ဖို့ ရည်ရွယ်နေတာ တွေ့ရတယ်။ လိုအပ်တဲ့ ပါတီနဲ့ လက်နက်ကိုင်တပ်ကိုလည်း MNDAA ကပဲ ဦးဆောင်သွားမဲ့ သဘောရှိတာတွေ့ရတယ်။ ခုလည်း လောက်ကိုင်ကို နည်းမျိုးစုံသုံးပြီး တိုက်နေတာတွေ့ရတယ်။ အထပ်မြင့်တိုက်တွေပေါ်မှာ နေရာယူပြီး ပစ်နေတာတွေရှိသလို ပစ်ကူပေး အမြှောက်တွေနဲ့ ခြေကုတ်ရယူပြီး  ဒကစ(လောက်ကိုင်) ကို အဝေးကနေ စိန်ပြေနပြေ ပစ်နေတာတွေလည်း တွေ့နေရတယ်။   ဒကစ (လောက်ကိုင်)ကို ဝေဟင် ကပဲဖြစ်ဖြစ်...၊ မြေပြင်ကပဲဖြစ်ဖြစ် စစ်ကူမရောက်နိုင်ခဲ့ရင် အချိန်ကြာလာတာနဲ့အမျှ ခံစစ်မှာ လစ်ဟင်းမှုတွေ ရှိလာမှာပဲ။ ဒီကြားထဲ ၂၀၀၈ ခြေဥအရ... အထူးဒေသ(၁)အစား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အပေးအယူတွေ ညှိနှိုင်းနိုင်ရင် တော့မပြောတတ်ဘူး။ ခက်တာက... စစ်ပွဲအတွင်း  မြင်တွေ့ခဲ့ရတဲ့ ဓာတ်ပုံတွေက ပြည်ထောင်စု စိတ်ဓါတ်မရှိဘဲ လူမျိုးစွဲ၊ ဒေသစွဲ ကြီးလွန်းတာက ပြဿနာတရပ်ဆိုတာ သတိပြုမိတယ်။ ဥပမာ- ခွေးကို နိုင်ငံတော်အလံ ခြုံပေးခဲ့တာတွေ။ လောက်ကိုင်ဒေသက ဗမာတွေကို ခွေးလို မောင်းထုတ်ခဲ့တာတွေက အဆင်ပြေပါတယ်ဆိုပြီး ဘယ်လိုမှ ဖိဖိဖော့ဖော့ တွေးပေးလို့ မရဘူး။
---

■  TNLA ရဲ့ နိုင်ငံရေးရည်မှန်းချက်က ပြည်နယ်အဖြစ်တောင်းဆိုနိုင်ဖို့ မြေဧရိယာကို ရနိုင်သလောက် ချဲ့ယူနေတာတွေ့ရတယ်။ အပေါ်ဘက်မှာ နမ့်ခမ်း၊ အရှေ့ဘက်မှာ ကွတ်ခိုင်နဲ့လားရှိုး၊ တောင်ဘက်မှာ မိုးကုတ်၊ မိုးမိတ်လောက်အထိ ရချင်ပုံပဲ။ လားရှိုးအထိ တော့ သိပ်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ လတ်တလော အခြေအနေကို ကြည့်ပြီး ခန့်မှန်းကြည့်ရုံတင်။ အရမ်းအလျော့ပေးရင် လက်နက်ကိုင်ပြီး တောင်းရင် နယ်မြေရတယ်ဆိုတဲ့ ယဉ်ကျေးမှုကြီး ထွန်းကားနေတော့မယ်။ ဒီစစ်ပွဲတွေကြားထဲမှာ ကြားပွဲစားလိုလို နှစ်ဖက်ခွ ကစားနေတာကတော့ SSPP ပဲ။ လိုအပ်ရင် လက်နက်လည်း မှောင်ခိုသယ်ပေးသလို နယ်မြေဖြတ်သန်းခွင့်တွေလည်း ပေးထားတာတွေ့ရတယ်။
■  ဘယ်ဘက်က နိုင်နိုင် “မြွေ မသေ၊ တုတ်မကျိုး”တဲ့ ဆက်ဆံရေး ကျင့်သုံးနေတာ ကတော့ “ဝ”ပဲ။ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ဆိုတဲ့ ဆက်ဆံရေးကို ဘန်းပြ ထားပေမဲ့ MNDAA ရနေတဲ့ လူအရင်းအမြစ်တွေနဲ့ လက်နက်တွေက “ဝ”နဲ့ “တရုတ်”ဆီက မရရင် ဘယ်ကရသလဲလို့ မေးစရာရှိနေတယ်။ တကယ်ဆို ကျားဖြန့်ငွေလိမ်ဂိုဏ်းမှာ “ဝ” လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အရေးပါ အရာရောက်တဲ့သူတွေ ပါဝင်ပတ်သက်မှု ရှိတာတောင် ကိုးကန့်ပြည်သူစစ်အဖွဲ့တွေသာ ချေမှုန်းခံရပြီး “ဝ”က လွတ်နေတာကတော့ နှစ်ဖက် ပင်းတိုက်ထားသလားလို့တောင် ယူဆစရာရှိနေတယ်။
---
■  ရခိုင်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ KNU ဘက်အခြမ်းမှာ ချောင်းနှစ်ခွ မကျအောင် ထိန်းထားနိုင်တဘ်ဆိုတဲ့အနေအထားက ဘယ်အချိန်ပွဲပြန်ဖြစ်ဦးမလဲဆိုတဲ့ မရေရာမှုတွေ ရှိနေတယ်။ ကောလင်း၊ ထီးချိုင့်နဲ့ မိုးတားလေး ဘက်မှာ KIA အစွယ်အပွှား PDF တွေရဲ့ရန်ကလည်း ရှိနေသေးတယ်။ စစ်ကိုင်းဟာ LPDF တွေ မှိုလိုပေါက်မတတ် ရှိနေတဲ့ အနေအထားဖြစ်နေတဲ့အပြင် နွားထိုးကြီးလို မန္တလေးတိုင်းထဲက မြို့နယ်တွေ မှာလည်း မြို့ပေါ်တွေတောင် ပေါ်ပေါ်ထင်ထင် လူလုံးထွက်ပြနေတာ တွေ့မြင်နေရတယ်။ စစ်ကိုင်းတိုင်းက စစ်ဒဏ်ကြောင့် မီးလောင် ပြာကျသွားတဲ့ အညာအိမ်တွေကို ဂွမ်မော်က ပြုံးပြုံးကြီး ကြည့်နေမလား မပြောတတ်။ မြို့သိမ်းတိုက်ပွဲဆိုပြီး မြို့ကြေသွားတာပဲ အဖက်တင်တဲ့ ဒီစစ်ပွဲကိုမှ  “ငါတို့ နိုင်နေပြီ”လို့ ဆိုနေရင်တော့ မပြောတတ်တော့ဘူး။ တချို့ဒေသတွေဆိုတာ ရွှေလုပ်ကွက်တွေအပြင်၊ တရားမဝင် သစ်လုပ်ငန်းတွေလည်း ရှိနေလေတော့ LPDF ကို လက်နက်စွန့်ဖို့၊ သို့တည်းမဟုတ် အပြုတ်တိုက်ဖို့ဆိုတာ ပြောသလောက်တော့ သိပ်လွယ်နေဟန်မရှိဘူး။
---
■  တစ်ခုပဲ။  နောင်မျိုးဆက်သစ်တွေလက်ထက်မှာ မောင်းဆောင်းခ တို့လို လူတွေနဲ့ ဗိုလ်နဂါးတို့လို လူတွေကိုမှ  ငြိမ်းချမ်းရေးစာပွဲဝိုင်းကြီးပေါ် ခန့်ခန့်ကြီးတက်ထိုင် ဆွေးနွေးနေတာကြီးကို မြင်နေရမှာပဲ စိုးမိတာ။ ဒီလိုမျိုးဖြစ်ရပ်တွေကို မဖြစ်လာနိုင်ဘူးလို့ ပြောလို့တော့ မရဘူး။ နိုင်ငံရေးက ကြောက်ဖို့ကောင်းတယ်။ ၂၀၀၉ လောက်မှာ ကျောက်တော် က စလိုက်တဲ့ AA ကို ခုဆို NCA ထဲထည့်ဖို့တောင် ဆွေးနွေးနေရပြီ မဟုတ်လား။

(နရီမိုး)

Post a Comment

Previous Post Next Post