မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ခံအားပေးသွားမယ်လို့ တရုတ်ထပ်ပြောလာ


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ဟာ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့စဥ်မှာ တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထပ်မံအလေးထားပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ဟာ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြန်မာနိုင်ငံကို ခရီးစဉ်လာရောက်ခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့က မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံမှုအတွင်းမှာ နှစ်ဦးနှစ်ဖက်က နှစ်နိုင်ငံခေါင်းဆောင်သဘောတူညီချက်တွေကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ဆောင်ပြီး “Belt and Road” နဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို စဉ်ဆက်မပြတ်အရည်အသွေးမြင့် အတူတကွတည်ဆောက်ကာ တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို အရှိန်မြှင့်တင်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွကာကွယ်စောင့်ရှောက်ပြီး ဆက်သွယ်ရေးလိမ်လည်မှု စတဲ့နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုတွေကို ပူးပေါင်းတိုက်ဖျက်ကာ ဒေသတွင်း တည်ငြိမ်ငြိမ်းချမ်းမှုနဲ့ စည်ပင်ဝပြောဖွံ့ဖြိုးတိုးတက်မှုကို အတူလက်တွဲ မြှင့်တင်သွားမှာဖြစ်တယ်လို့လည်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨

Post a Comment

Previous Post Next Post