နေရောင်ခြည်အလင်းနှင့် စစ်ခင်းလာပါပြီ




  တပ်မတော် သည် မြန်မာ့နိုင်ငံရေးဖြတ်သန်းမှုတွင် ဒုတိယအကြိမ်အနေဖြင့် အခက်ခဲဆုံးသော ကာလ ကို ယခု ထပ်မံဖြတ်သန်းနေရသည်လို့ ပြောရမည်ဖြစ်သည်။ ၂၀၂၁ ဖေ ၁ အရေးအခင်းနောက်ပိုင်း မသိနားမလည်သည့် လူငယ်များအား အာဏာ လက်လွှတ်လိုက်ရသူ နိုင်ငံရေးသမားများက သူတို့ဖော်လိုသည့်အပိုင်းသာ ဖော်ကာ စည်းရုံးပြီး တောခိုစေကာ တစ်နိုင်ငံလုံး စစ်မီးကိုမွှေးသည်ကအစပြုလို့ မင်းသားကြီး မလုပ်ရလျှင် ပတ်မကြီးထိုးခွဲမည့် အကြံဆိုးဖြင့် နိုင်ငံတော်ကို ဖဲ့ထုတ်ဖို့ ဆောင်ရွက် လျက်ရှိသည်။
  တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် ထိုကာမ မတိုင်ခင်မှာလဲ တိုင်းရင်းသား လက်နက်ကိုင် EAOs များနှင့် တစ်နိုင်ငံလုံး စစ်ရင်ဆိုင်ထားရသလို ၂၀၂၁ ဖေ ၁ နိုင်ငံတော် အာဏာကို ခေတ္တထိန်းသိမ်းချိန်မှာလဲ နောက်တန်း ဌာနချုပ်ရှိ စစ်သည်များ နှင့် လက်ရုံးတပ်ဖွဲ့များမှာ မြို့ပေါ်လုံခြုံရေးတာဝန်ထမ်းဆောင်ရသလို၊ ရှေ့တန်းဌာနချုပ် မှ စစ်သည်များမှာလဲ နယ်စပ်ဒေသလုံခြုံရေးတာဝန်ထမ်းဆောင်နေရသဖြင့် ဘယ်သူမှ အနားမရခဲ့။ လဲလှယ်စရာ အရန်တပ်ကလဲ ရှားပါးနေသောကြောင့် ရတ တာဝန် ထမ်းဆောင်သူများမှာ နှစ်တွေ လတွေ ချီလာခဲ့သည်ဆိုပါတော့။
  တိုင်းရင်းသားရေးတွေ ဘာရေးတွေဆိုပြီး ဗမာမုန်းတီးရေး ဝါဒကို လက်ကိုင်ပြု ထားသော မြန်မာလိုမဆို၊ မြန်မာလိုမပြောသည့် သောင်းကျန်းသူများကား ၁၀၁၂ စစ်ဆင်ရေးဟုဆိုကာ အရှေ့မြောက်ဒေသ ကို နိုင်ငံကြီးတစ်ခု၏ အကူအညီကို ရယူကာ ကျူးကျော်စစ်ဆင်သည်။ နိုင်ငံတော်တစ်ဝှမ်း တပ်တွေ စစ်ပန်းနေသည်ကတစ်ကြောင်း၊ အာဏာရရှိရေးအတွက် မသိနားမလည်သူ လူငယ်များအား PDF ဆိုပြီး အနှီ သောင်းကျန်းသူ လက်သို့ ထိုးအပ်လိုက်သဖြင့် အလကားပဲတင်းဆိုသလိုရလိုက်သည့် အင်အားတွေကတစ်ကြောင်း ကြောင့် အရှေ့မြောက်တိုင်းစစ်ဒေသတွင် တပ်မတော်သည် နေရာအတော်များများကို ဆုတ်ခွာခဲ့ရသည်။
  “မင်းတို့ ဗမာ PDF တွေသေနေတာ၊ ငါတို့ တအောင်းတွေမသေဘူး”
  “မင်းတို့ ဗမာ PDF တွေ သင်တန်းလာတက်တိုင်း ၄၀ ရာခိုင်နှုန်း   ငါတို့ဆီ   ထားခဲ့ရတယ်”
  “ဗမာ တွေ ကိုးကန့်နယ်ထဲကထွက်သွား” ဆိုသည့် အသံပလံများကား အနှီ သောင်းကျန်းသူဆိုသူတို့သည် PDF ဆိုသည့် မြန်မာလူငယ်များအပေါ် စေတနာ ဘယ် လောက်ရှိတယ်၊ မြန်မာတိုင်းရင်းသားစိတ်ဘယ်လောက်ရှိတယ်ဆိုတာတွေအတွက် ဗေဒင်မေးစရာမလိုသည့် သက်သေတွေပင်။
  အရှေ့မြောက် စစ်ဒေသ တွင် တိုက်ပွဲများ ပြင်းထန်နေချိန်နှင့် တဆက်တည်း ကောလင်း၊ ထီးချိုင့် မြို့များကိုလဲ KIA က ဝင်ရောက်တိုက်ခိုက်သည်။
  ကရင်ပြည်နယ်မှာလဲ ချောင်းနှစ်ခွ စခန်းသိမ်းတိုက်ပွဲ၊ ကယားပြည်နယ်မှာလဲ လွိုင် ကော် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲသည်။
  တပ်မတော်သား အရာရှိ/စစ်သည် တွေရဲ့ မလျော့သော ဇွဲ၊ သတ္တိတို့ကြောင့် ချောင်း နှစ်ခွ စခန်းသိမ်းတိုက်ပွဲမှာ ရန်သူတွေ မအောင်မြင်ခဲ့သလို လွိုင်ကော်မြို့ကိုလဲ အပြီးသတ်သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ချေ။
  ခုတစ်ဖန် လာပြန်ချေပြီ။ AA လက်နက်ကိုင်များကား ပလက်ဝ၊ မီးဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိသည့် မြို့များကို အင်အား အလုံးအရင်းနှင့် တိုက်ခိုက်ကြပြန်သည်။
  ကြားဖြတ်အနေဖြင့် ပြောရလျှင် တပ်မတော်သည် တစ်နိုင်ငံလုံးတွင် တိုက်ခိုက်ရေး အင်အားများ ဖြန့်ကျက်ကာ ရင်ဆိုင်နေရသဖြင့် စစ်ကူပို့ရန်အတွက်လဲ မနည်းကြိုးစားနေရသလို ပစ်ကူပေးနိုင်ရန်မှာလဲ အတော်ကိုစဉ်းစားနေရသည့် အနေ အထားဖြစ်သည်။
  ဒီနေရာတွင် တစ်ချို့ တပ်မတော် ထောက်ခံသူများနှင့် တပ်မတော်သား မိသားစုဝင် များ၏ အားမလိုအားမရဖြစ်မှုကို ဘေးတီးပေးသည့် ကိုယ့်လူ သူ့ဘက်သား တွေက တပ်မတော် အကြီးအကဲများမှာ တပ်ကို ပစ်ထားသယောင် အသံလွှင့်ရင်း စိတ်ဓာတ် စစ်ဆင်ကြသည်။
  ဒါကို နားယောင်ပြီး တချို့ တပ်မတော်အရာရှိ မိသားစုဝင်များမှာ အွန်လိုင်းပေါ် တွင် စိတ်မကောင်းဖြစ်သည့် Post များ၊ တပ်မတော်ကို အပြစ်တင်သည့် Post များကို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ရသည်။
  ဒီနေရာတွင် တပ်မတော်၏ ရင်ဆိုင်နေရသော ရန်သူ့ အင်အား၊ အခြေအနေကို လက်တွေ့ကျကျ သုံးသပ်ကြည့်ပြီးမှသာ အပြစ်တင်စေချင်ပါသည်။ တိုက်ခိုက်ရေး အင်အား ၃ သိန်း(ခန့်မှန်း)မျှရှိသော တပ်မတော်သည် တစ်နိုင်ငံလုံး အင်အားသန်းနှင့်ချီ သော ရန်သူ ကို ရင်ဆိုင်နေရသဖြင့် “စစ်ကူမလွှတ်ဘူးလား” “ထိုးကျွေးနေတာလား” “ဘာတွေလုပ်နေတာလဲ” ဆိုတာတွေရဲ့ အဖြေကို ရှာဖွေကြည့်ပြီး နားလည်ပေးစေချင် ပါသည်။ ယခုကား ရန်သူမှ စိတ်ဓာတ်စစ်ဆင်ရေးမလုပ်ပဲ၊ ကိုယ့်အချင်းချင်း စိတ်ဓာတ် စစ်ဆင်ရေးလုပ်နေသလို ဖြစ်နေတာ သတိပြုစေချင်ပါသည်ခင်ဗျာ။
  ကဲ ... လိုရင်းကိုဆက်ပြောရလျှင် အနောက်ပိုင်းဒေသတွင် စစ်ရင်ဆိုင်နေရသော တပ်မတော် ၏ ကျောက်တော် စစ်မြေပြင်မှ ဆုတ်ခွာနေရသော တပ်များ စီးနင်းလာသည့် ကမ်းထိုးရေယာဉ်များအား ရန်သူမှ ပစ်ခတ်သဖြင့် နစ်မြှပ်စဉ် ရေကူးပြီး နံဘေးရှိ ကမ်းကို ကူးခတ်လာသည့် အရာရှိ/စစ်သည်/မှီခို မိသားစုဝင်များအား အနှီ ရွာမှာရှိသည့် သောင်းကျန်းသူ အားပေးများကား ဓားဖြင့် ရက်ရက်စက်စက် ခုတ်သတ်ကြသည် ဟု သတင်းတွေ ကြားရပြန်သည်။

ပြောတော့ ... မြန်မာ လူမျိုးကြီးဝါဒ၊ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံသည် ဆိုပြီး ဘင်္ဂလီ အရေးအခင်း၊ မိုခါမုန်တိုင်း အရေးအခင်းများတွင် ရခိုင် ဒေသအတွက် ရပ်တပ်ခဲ့သည်ကိုမျှ မထောက် လုပ်ရက်လိုက်လေခြင်း။
  ထားပါလေ .. ဒါတွေသည် မိမိတို့ မြန်မာ အမျိုးသားချင်း မညီညွတ်လို့ ဖြစ်ရသည် ဖြစ်သည်။ မြန်မာ ဆိုသည်မှာ မြန်လဲမြန်သည်။ မာလဲမာသည်။ ဘယ်သူ့ကိုမျှ ကျူးကျော် စော်ကားခြင်းမရှိသလို မိမိတို့ကို ကျူးကျော်စော်ကားလာလျှင်လဲ ဘယ်တော့မှ ငုံ့မခံ တတ်သည့်လူမျိုးတွေပင်။
  သမိုင်းထဲမှာ မြန်မာ့ စစ်ဘုရင်များသည် တိုင်းပြည်ကို စုစည်းပြီး လက်ရှိ နိုင်ငံတော် မြေပုံကြီးကို ပုံဖော်ခဲ့ကြသည်မဟုတ်ပါတကား။
  ကျုပ်တို့ ၂၁ လူငယ်တွေ ညီညွတ်ဖို့အချိန်ပါပြီ။ အနာဂတ်မှာ မွေးဖွားလာသည့် မြန်မာလူငယ်များအား လောလောဆယ် ဆုံးရှုံးလိုက်ရသော မြေနေရာများအား ပြပြီး တချိန်တုန်းက ပိုင်ဆိုင်ခဲ့သည့်ဟု နောင်တတွေ တပုံကြီးနှင့် မပြောချင်လျှင် မိမိတို့ သဘောထားကွဲလွဲမှုတွေကို ဘေးချပြီး စည်းလုံးကြပါစို့။
   
    “ငါတို့မြန်မာ .... ရဲရင့်သည်
    ငါတို့မြန်မာ ... ရဲရင့်သည်
    ငါတို့ မြန်မာပြည်ကို ပြန်လည်စုစည်းမည်
    မျိုးချစ် လူငယ် တွေ လာကြပါစို့ ......”

မင်းထက်ကျော်ဇော

Post a Comment

Previous Post Next Post