ပေါက်ဖော်ဖြေရမယ့် မေးခွန်းတွေ


ရှမ်းမြောက်အရေးအခင်းနဲ့ ပတ်သက်ရင် ၁၀၂၇ စစ်ဆင်ရေးမှာ  တရုတ်ပါတယ်လို့ ပြောရင် တချို့က မကြိုက်ကြဘူး။ ကိုယ်တွေ အပါအဝင် အများစုက Unseen Factor တွေကိုပဲ တွေ့မြင်ရတာဖြစ်သလို ကျားဖြန့်ကိုတည်ပြီး စစ်ရေးစစ်ရာတွေပါ ပါဝင်ပတ်သက်နေတာ ဖြစ်လို့ တိတိကျကျတော့ ဘယ်သူမှ သုံးသပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးဆိုတဲ့ သဘောတရားအတိုင်း တိကျမှ၊ မှန်မှ ရေးသားကြတာထက်စာရင် ဖြစ်နေတဲ့ အကြောင်းအရာတွေကိုမူတည်ပြီး ဘာဖြစ်လာနိုင်တာ၊ ဘယ်လိုအကြောင်းအရာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့အချက်တွေကို ကြည့်ပြီး  အနာဂတ်မှာ ဘာဖြစ်လာနိုင်သလဲဆိုတာမျိုးနဲ့ မှန်းဆ သုံးသပ်ကြရတာပါပဲ။
---
လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ ကနဦး အကြောင်းပြချက်က နယ်စပ်ဒေသမှာ ရှိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်း ရှင်းလင်းရေးဆိုတဲ့ ခေါင်းစဉ်ဖြစ်တယ်။ ဖြစ်နေတဲ့ အဓိက နေရာတွေက ၂၀၀၈ ဖွဲ့စည်းပုံ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ဒေသတွေမှာ ဖြစ်တယ်။ တကယ်တော့ ကျားဖြန့်ငွေလိမ်ဂိုဏ်းက နေ့ချင်းညချင်း ပေါ်ပေါက်လာတာမျိုးတော့မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်ကတည်းက သတင်းထွက်နေတဲ့ ကိစ္စလည်းဖြစ်တယ်။ ခက်တာက.... ဖွဲ့စည်းပုံအရ ခွင့်ပြုထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ နယ်ခြားစောင့်အသွင်သဏ္ဍန်ရှိနေတဲ့ ကိုးကန့်လက်နက်ကိုင်တွေအပေါ်မှာ ဘယ်လိုထိန်းကြောင်းမလဲဆိုတဲ့ ပုစ္ဆာကို အဖြေမတွေ့ခဲ့တာလို့ပဲ ယူဆရမှာဖြစ်တယ်။ ဒါက ဖွဲ့စည်းပုံမှာ နှင်းအပ်ထားတဲ့ အခွင့်အာဏာ (ဗဟို+ပြည်နယ်)တွေရဲ့ လုပ်ပိုင်ခွင့် အခန်းကဏ္ဍကို နောင်မှာ မဖြစ်မနေ စိန်ခေါ်လာမယ့် ရှေးပြေးကိစ္စလည်း ဖြစ်တယ်။ အကျိုးဆက်ကတော့.... တရုတ်က ဖမ်းဝရမ်းထုတ်တဲ့ ...ကျားဖြန့်ငွေလိမ်ဂိုဏ်းမှာ ပါဝင်ပတ်သက်မှုရှိနေတဲ့... ကိုးကန့်အုပ်ချုပ်ရေးတဖွဲ့လုံးကို တရုတ်နိုင်ငံအစိုးရဆီ ဝကွပ်အပ်လိုက်ရတယ်။  ကိုးကန့်အုပ်ချုပ်ရေးတဖွဲ့လုံး ကစင့်ကလျား ဖြစ်ဖို့အတွက်လည်း ကျောင်းတော်က ရန်စရှိတဲ့ မိသားစု နှစ်ဘက်ကို ရန်တိုက်ပေးခဲ့လိုက်တယ်။ တနည်းအားဖြင့် ကျားဖြန့်ကိစ္စကို တည်ပြီး ကိုးကန့်အာဏာရ မိသားစုကို လက်နက်နဲ့ ဖယ်ရှားရှင်းလင်းပစ်ခဲ့လိုက်တဲ့ ပုံစံပါပဲ။ မင်းတိုက်နိုင်ရင် ဒီနယ်မြေကို မင်းပြန်ရမယ်လို့ မပြောရုံတမယ်ပဲ။ ဒီလိုပဲ သုံးသပ်ပါတယ်။ 
----
တရုတ်ဩဇာခံ မြောက်ပိုင်း ၃ ဖွဲ့အတွက် ဘေးနိုင်ငံနဲ့ကြားမှာ နိုင်ငံရေး အပေးအယူရှိခဲ့ ပုံပါပဲ။ ဒါက ကျားဖြန့်ရှင်းလင်းဖို့အတွက် ကိုးကန့်ဒေသတစ်ခုစာအတွက်ပဲ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မျှော်လင့်မထားတဲ့ စစ်ရေးအောင်မြင်မှုကြားမှာ တခြားနိုင်ငံရေး ဆဲလ်တွေပါ ဝင်ပူးတာမျိုး လို့ ယူဆမိတယ်။ ကျားဖြန့်မှာ ပါဝင်ပတ်သက်ခဲ့တာချင်း အတူတူတောင် “ဝ”လက်နက်ကိုင်တပ်ဖွဲ့က ပါဝင်သူတွေကို ဖမ်းဝရမ်းလောက်သာ ထုတ်ပြီး ကိုးကန့်အုပ်ချုပ်ရေးအာဏာပိုင်တွေကိုတော့ ဒေသတစ်ခုလုံးစာ ရှင်းလင်း ပစ်တာမျိုးက “ဝ”အပေါ်မှာ တရုတ်+မြန်မာ နယ်စပ်ကြားက သီးခြားနယ်မြေ (Proxy) ရှိနှင့်နေပြီးသား လို့ ယူဆထားလေသလားဆိုတဲ့ အတွေးလည်း ရှိပါ။
-----
ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းအတွက် ရခိုင်ကနေ ယူနန်ပြည်အထိ သွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းတွေ၊  မူဆယ်-မန္တလေးနဲ့ ရခိုင်အထိ ပေါက်မယ့် ရထားလမ်းစီမံကိန်းတွေ။ ဒီစီမံကိန်းတွေ အောင်မြင်ဖြစ်ထွန်းဖို့အတွက် မြန်မာနိုင်ငံမှာ အနောက်ဩဇာခံ အစိုးရပဲတက်တက်၊ တပ်မတော် အားပြုတဲ့ အစိုးရတွေပဲတက်လာတက်လာ... ဘယ်ခေါင်းစဉ်နဲ့ ဖြစ်ဖြစ် အဆင်ပြေနိုင်ဖို့ဆိုရင်.... မြောက်ပိုင်းတခြမ်းလုံးကို ဩဇာခံEAOs တွေ အားကောင်းအောင် အထောက်အပံ့ပေးလိုက်ရုံပဲ လိုပါတယ်။ သေချာတာကတော့ အကျိုးစီးပွား ဆွေးနွေးဖို့ မြန်မာအစိုးရ တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတဲ့ အခြေအနေမျိုးကို တရုတ် က Base ထိုင်လိုက်တာမျိုး မဖြစ်နိုင်ဘူးလား" လည်း မှန်းဆမိပါ။
------
၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တချို့မြို့ကြီးတွေ မကျအောင် တရုတ်က အာမခံ ပေးထားတယ်ဆိုတဲ့ အယူအဆတွေလည်းရှိတယ်။ ဒီကျေးဇူးတရားအတွက် ကုန်သွယ်ရေး ဇုန်တွေ အပြန်အလှန် ပြန်ဖွင့်နိုင်ဖို့လိုတယ်ဆိုတဲ့ ဖိအားတွေ ရှိနေမလားဆိုတဲ့ သုံးသပ်ချက် တွေလည်းရှိတယ်။ မြန်မာအစိုးရရဲ့ ထိန်းချုပ်နယ်မြေအစကို လားရှိုးက စပါလို့ မပြောရုံတမယ်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးနိုင်စေတဲ့ ကိစ္စတွေကိုတော့ ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်ရမှာပါပဲ။ တကယ်လို့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ ပါဝင်ပတ်သက်မှု ကင်းကြောင်း သက်သေပြချင်ရင် သက်သေပြစရာ တနည်းပဲရှိပါတယ်။ တရုတ်နိုင်ငံအတွက် အန္တရာယ်ဖြစ်စေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို နှစ်နိုင်ငံ ပူးပေါင်း ရှင်းလင်းပေးခဲ့သလို အကြမ်းဖက်လုပ်နေတဲ့ ဒီလက်နက်ကိုင်အင်အားစုတွေကို လည်း သူ့အနေနဲ့ အထောက်အပံ့မပေးဖို့ လိုပါတယ်။ တပ်မတော်နဲ့ EAO တွေကို တတန်းတည်း ထားပြီး မဆက်ဆံဖို့ လိုပါတယ်။ ဒါတွေက ပေါက်ဖော်ဖြေဖို့ လိုနေတဲ့ မေးခွန်းတွေချည်း ပါပဲ။

(နရီမိုး)

Post a Comment

Previous Post Next Post