အကောင်းဆုံး အဖြေရှာနိုင်ဖို့ လေးလေးနက်နက် စဉ်းစားဖို့လိုနေပြီ

တပ်မတော်ဘက်ကကြည့်ရင် စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အငိုက်မိခဲ့တာမျိုးရှိခဲ့တယ်။ ရှမ်းမြောက်စစ်ဆင်ရေးက အကောင်းဆုံး နမူနာ ပြချင်စရာပါပဲ။ အစိုးရ တဖြစ်လည်း ဖြစ်နေတဲ့ တပ်မတော်ဟာ ကိုဗစ်ဒုတိယလှိုင်းကို  ကူသူမဲ့ ကျားကန်ခဲ့ရတယ်။ ဒါကလည်း အကြောင်းတရားရှိတယ်။ ဆိုပါစို့.....အာဏာထိန်းပြီးတဲ့နောက် NLD အစိုးရရဲ့ နောက်ဆက်တွဲ လက်သည် တရားခံတွေထဲမှာ တချို့ ခရိုနီကြီးတွေ ပါဝင်ပတ်သက်ခဲ့ မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိခဲ့တယ်။ ဒီလိုဖြစ်စဉ်တွေမှာ တိုင်းပြည် နစ်နာမှု မရှိအောင် သက်သက်ညှာညှာနဲ့ အကောင်းဆုံး ကိုင်တွယ်ခဲ့ရတယ်။
----

တဖက်မှာလည်း ဆန်ရှင်ပိတ်ဆို့မှု ဒဏ်တွေ စပြီး ခံစားလာခဲ့ရတယ်။ ဘဏ်တွေ ပြိုလဲသွားအောင် ကောလာဟလတွေ အချိန်ကိုက်ထုတ်လွှင့်ခဲ့ကြတယ်။ အစိုးရအနေနဲ့ ကျပ်ငွေတွေ ရိုက်ထုတ်နေပါပြီ၊ ဝန်ထမ်းတွေကို ပေးစရာ ပိုက်ဆံမရှိတော့ပါဘူးဆိုပြီး “ဖွ”သတင်းတွေ ထုတ်လာကြတယ်။ အဆိုးဆုံးကတော့ လူစိတ်မရှိတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ကိုဗစ်ဒုတိယလှိုင်းမှာ နိုင်ငံတော်ကို ကျောခိုင်းသွားခဲ့ကြတဲ့ ဖြစ်ရပ်ကို နဖူးတွေ့ ၊ ဒူးတွေ့ ရင်ဆိုင်ခဲ့လိုက်ကြရတယ်။ 
----
တဖက်အဖွဲ့အစည်းတွေဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ  မဝင်လာအောင် နာမည်ခံ အဖွဲ့အစည်းပေါင်းသောင်းခြောက်ထောင်က စာတွေ ထုတ်ပြီး ကန့်ကွက်ခဲ့ကြတယ်။ စက်မှုဇုန်ဘက်က နိုင်ငံခြား ကုမ္ပဏီတွေကို မီးတင်ရှို့တာတွေနဲ့ ဖျက်စီးတာတွေ လုပ်ခဲ့ကြတယ်။ စက်သုံးဆီ တင်သွင်း/ ဝယ်ယူမှု ခက်ခဲအောင် မြန်မာ့ရေနံဝန်ကြီးဌာနကို ဆန်ရှင်စာရင်းထဲ သွတ်သွင်းခဲ့ လိုက်ကြတယ်။ အကျိုးဆက်ကတော့  ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခဲ့သလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း မြန်မာနိုင်ငံကို လာရောက် လုပ်ကိုင်ဖို့ တွေဝေကုန်ခဲ့ကြတယ်။ ဒီလိုခက်ခဲနေတဲ့ကြားထဲက နစကအနေနဲ့  ပြည်ပ ချေးငွေ မယူဘဲ သူ့သက်တမ်းကာလကို အကောင်းဆုံးထိန်းကြောင်း နေခဲ့ရတယ်။
---
ဒီလိုအဖြစ်အပျက်တွေကြားမှာရှိနေတဲ့ “စီးပွားရေးနဲ့ နိုင်ငံရေး”ကို  တည်ငြိမ်ဖို့ အကောင်းဆုံး ကြိုးစားနေချိန်မှာပဲ စစ်ရေးအရ အငိုက်တိုက်ခိုက်ခြင်း ခံခဲ့လိုက်ရတယ်။ တကယ်ဆို ဒီဖြစ်စဉ်တွေ မဖြစ်ခင်ကတည်းက မြောက်ပိုင်းမဟာမိတ်ထဲက တချို့အဖွဲ့တွေကို နေပြည်တော်မှာ တရားဝင် ဆွေးနွေးခဲ့တာမျိုးရှိခဲ့တယ်။ NCA လမ်းကြောင်းကို ယုံကြည်လက်ခံခဲ့တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှ မဟုတ် တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ယုံကြည်မှု လွန်ကဲခဲ့တာလည်း ဖြစ်ကောင်း ဖြစ်မယ်။ တကယ်တော့ 1027 စစ်ဆင်ရေးကြောင့် တပ်စခန်းတွေ ဆုတ်ခွာပေးခဲ့ရတာ တွေဟာ အကြောင်းတရား မျိုးစုံ ရှိနိုင်ပေမယ့် NLD အုပ်ချုပ်စဉ်အခါက မဲရုံတွေကို တပ်ပြင်ထုတ်ပေးခဲ့လိုက်ရတာ၊ တပ်အင်အား စာရင်းတွေကို အနောက်လွှမ်းမိုးမှုရှိတဲ့ UEC လက်ထဲ ဝကွပ်အပ်လိုက်ရတဲ့ ကိစ္စတွေကြောင့်လည်း ဒီလောက်အခြေအနေဆိုးကြီးထိ ဖြစ်သွားခဲ့ဟန်ရှိတယ်။ ဒီနိုင်ငံကို ခေါင်းစဉ်မျိုးစုံတပ်ပြီး ဩဇာလွှမ်းခြုံချင်နေတဲ့ ပြည်ပ ထောက်လှမ်းရေး ဆဲလ်တွေဟာ ဒီအခြေအနေကို လက်လွှတ်လိမ့်မယ်လို့ မထင်မိဘူး။
----
နောင်မှာ ကျင်းပလာမယ့် ရွေးကောက်ပွဲကိုလည်း  အမြန်ဆုံးဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကိုယ့်တပ်မတော်ရဲ့ အင်အားထုက  အခြားလက်နက်ကိုင် တွေထက် အင်အားကြီးမားမှု ရှိမနေဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရှေ့ကနေ ဦးဆောင် နိုင်ဖို့ ခက်ပါလိမ့် မယ်။ ခက်တာက လက်ရှိ သူတို့သွားနေတဲ့ လမ်းကြောင်းက ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်တဲ့ လမ်းကြောင်းလား။ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်လက်နက်စုဖွဲ့ပြီး ကွန်ဖန်ထရိတ် ပုံစံ မျိုးလားဆိုတာတောင် ကွဲပြားမှု ရှိမနေ တော့ပါဘူး။ ဒီလိုအခြေအနေဆိုးကြီးကို အကောင်းဆုံး အဖြေရှာနိုင်ဖို့ လေးလေးနက်နက် စဉ်းစားဖို့လိုနေပြီလို့ ထင်မိပါတယ်။

(နရီမိုး)

Post a Comment

Previous Post Next Post