ပြည်မကြီးရဲ့ စီးပွားရေး စင်္ကြန့်လမ်းမဟာဗျူဟာ ပြောင်းချိန်တန်ပြီလား

သတင်းမှာ ကျိုင်းတုံမြို့ရှောင်လမ်း ဖွင့်တဲ့ သတင်းပါလာခဲ့တယ်။ တဆက်တည်း ပြန်စဉ်းစားမိလိုက်တာက ပြီးခဲ့တဲ့မတ်လတုန်းကလည်း တစ်ခေါက်သွားထားသေးတာဖြစ် လို့ ကျိုင်းတုံခရီးစဉ်ဟာ ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံတော်ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်လည်း ဖြစ်ခဲ့တာတွေ့ရတယ်။
“ပထဝီနယ်မြေအားသာချက်ဖြစ်စေသလား”
တကယ်တော့ ကျိုင်းတုံမြို့ရှောင်လမ်းရဲ့ စီမံကိန်းဘဏ္ဍာရေးနှစ်ဟာ ၂၀၁၉ -၂၀၂၀ ဖြစ်လို့ ပြီးစီးဖို့အတော်လေး အချိန်ယူခဲ့တာ တွေ့ရတယ်။ ဒါပေမယ့် ဘယ်လိုလမ်းညွှန်ချက်တွေ ရှိခဲ့သလဲ ဆိုတာ သေချာမသိခင်မှာပဲ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ခဲ့တာ တွေ့ရတယ်။ မတ်လ ၂၉ ရက် သတင်းမှာတောင် တချို့လမ်းပိုင်းနေရာတွေဟာ မြေသား အဆင့်တွေသာ ဖြစ်သေးလို့  လုပ်ငန်းပြီးစီးဖို့အတွက် ဒီလပိုင်းအတွင်းမှာတင် အတော်လေး အားစိုက်ခဲ့တယ် ဆိုတာ သိသာစေခဲ့တယ်။
---
ကျိုင်းတုံမြို့ရှောင်လမ်းဟာ  ကတ္တရာ-ကွန်ကရစ် အမျိုးအစားဖြစ်ပြီးတော့ လမ်းအရှည် ၁၀ ကီလိုမီတာရှိပြီး အကျယ်အားဖြင့် ၇ မီတာရှိတာ တွေ့ရတယ်။ ဒီမြို့ရှောင်လမ်းပိုင်းဟာ မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ-တာချီလိတ်နဲ့ ဆက်စပ်နေတာဖြစ်လို့ အရေးပါတဲ့ လမ်းပိုင်းတစ်ခုလည်း ဖြစ်နေတယ်။ ချိတ်ဆက်ထားတဲ့ ပထဝီအနေအထားအရ ကြည့်မယ်ဆိုရင်လည်း မိုင်းလား-ကျိုင်းတုံကနေ တောင်ကြီး-မိတ္ထီလာနဲ့ မြန်မာပြည် အလယ်ပိုင်းရဲ့အဓိက မြို့တော်ဖြစ်တဲ့ မန္တလေးနဲ့လည်း ချိတ်ဆက်ထားနိုင်တာ တွေ့ရတယ်။ မိတ္ထီလာ- တောင်ကြီး-  ကျိုင်းတုံ- တာချီလိတ် လမ်း ဟာ       အာရှလမ်းမကြီးအမှတ်(၂)  (AH-2) ဖြစ်ပြီးတော့ လမ်းအရှည် ၄၉၁ မိုင် ရှိတာ တွေ့ရတယ်။ မန္တလေးတိုင်းဒေသကြီးထဲမှာ လမ်းမိုင် ၅၂ မိုင်၊ ရှမ်းတောင်မှာ ၂၂၉ မိုင်နဲ့ ရှမ်းအရှေ့မှာ  ၂၀၈ မိုင်လောက်ရှိတာ တွေ့ရတယ်။
---
“ရှမ်းမြောက်နေဝင်ချိန်နဲ့ ရှမ်းအရှေ့နေထွက်ချိန်”
လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေရယ်၊ ဆုံးရှုံးထားတဲ့ အဓိက ကုန်သွယ်ရေးဇုန်မြို့တွေကြောင့် တရုတ်-မြန်မာ အဓိက ကုန်စည်စီးဆင်းတဲ့ လားရှိုး-မူဆယ်လမ်းနဲ့ ချင်းရွှေဟော် လမ်းပိုင်းတွေ ဟာ ပြန်ဖွင့်နိုင်ဖို့ ခက်နေတာ တွေ့ရတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီကုန်သွယ်ရေးဇုန်လမ်းမတွေ ပြန်ဖွင့်နိုင်ဖို့ နစက အပေါ်မှာ ဖိအားပေးနေတယ်လို့ ယူဆနိုင်တဲ့အချိန်မှာပဲ စစ်ရေးအရ အကျိုးသက်ရောက်မှုမရှိတဲ့ မိုင်းလားလမ်းပိုင်းကို ပြင်ဆင်လာတာတွေ့ရတယ်။
----
ဒီယူဆချက်သာ မှန်ရင်တော့  လားရှိုး-မူဆယ်လမ်းနဲ့ ချင်းရွှေဟော်လမ်းပိုင်းတွေဟာ အရင်လို ပုံစံမျိုးမြင်တွေ့ရဖို့ ခက်သွားနိုင်ပြီးတော့ တောင်ကြီး-ကျိုင်းတုံ-မိုင်းလား လမ်းကသာ အဓိက ကုန်သွယ်ရာလမ်းမကြီး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ရတယ်။ အထက်လူကြီးရဲ့ မှတ်ချက်မှာလည်း ကျိုင်းတုံလေဆိပ်ကို လာအို၊ တရုတ်နဲ့ ထိုင်းနိုင်ငံ တွေကနေ တိုက်ရိုက်လေကြောင်းဆင်းသက်နိုင်ဖို့အထိ အဆင့်မြှင့်တင်သွားမယ်ဆိုတဲ့ စကားကလည်း  အနာဂတ်စီးပွားရေးမှာ ပြည်မကြီးရဲ့ စီးပွားရေးစင်္ကြန့်မဟာဗျူဟာ လမ်းက ပြောင်းလဲသွားပြီလားလို့ပဲ တွေးဆကြည့်ရတော့မှာဖြစ်တယ်။

(နရီမိုး)

Post a Comment

Previous Post Next Post